fbpx

နှစ်တိုင်း ပြန်ဖတ်သင့်တဲ့ နှစ်သစ်ကူး သန္နိဋ္ဌာန် ချမှတ်နည်း ( အဆင့် ၇ ဆင့် )

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး တိုင်းမှာ ကျွန်တော်တို့ အများစုဟာ
လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တဲ့ အရာတွေကို မဖြစ်မနေလုပ်မယ်လို့
သန္နိဋ္ဌာန် ချ ဆုံးဖြတ်ကြလေ့ရှိပါတယ် ။
တစ်ချို့လည်း တိတိကျကျ ခိုင်ခိုင်မာမာ လုပ်ကြတာရှိသလို ၊
တစ်ချို့လည်း အများလုပ်လို့ လိုက်ပြီး ဇဝေဇဝါနဲ့ လုပ်ကြတာမျိုး ရှိတတ်ပါတယ် ။

ဘာကြောင့်ပဲ လုပ်လုပ် ဒီ အလေ့အကျင့် ဟာ ကျွန်တော်တို့ ဘဝတွေ အပေါ်မှာ ယေဘူယ အားဖြင့်တော့
အကျိုးသက်ရောက်မှုကောင်းတွေ ဆောင်ကျဉ်းပေးနိုင်လေ့ရှိပါတယ် ။
ဒါကြောင့် ဘဝမှာ အောင်မြင် ပျော်ရွှင်နေတဲ့ လူ အများစုဟာ
ဒီ အလေ့အကျင့်လေးကို သိသိသာသာ ဖြစ်စေ ၊ မသိမသာ ဖြစ်စေ လုပ်ကြလေ့ရှိပါတယ် ။

သိသိသာသာ ဆိုတာက သူတို့ချမှတ်လိုက်တဲ့ နှစ်သစ်ကူး သန္နိဋ္ဌာန် တွေကို တစ်ခုခုထဲမှာ ချရေးတာ ၊
Social Media ပေါ်မှာ အများကို တိုင်တည် ကြေငြာကြတာဖြစ်ပြီး
မသိမသာဆိုတာက ချမရေးဖြစ်ပေမယ့် သေသေချာချာ ပြန်လည် ဆန်းစစ် တွေးတောကြတာကို ဆိုလိုတာပါ ။

တကယ် အောင်မြင်သူ အများစုဟာ တစ်သက်စာ တစ်ဘဝလုံးစာ သွားရမယ့် လမ်းကြောင်း ၊ လုပ်ရမယ့် အလုပ်တွေကို
ယေဘူယ အစီအစဉ် ရှိနေပြီးသားမို့လို့ နှစ်သစ်ကူးကျမှ ဒီလိုလေး ကောက်လုပ်ကြတာမျိုးက သူတို့အတွက်တော့ သိပ် မထူးခြားလှပါဘူး ။
သူတို့ဟာ မိမိကိုယ်ကို အမြဲ ဆန်းစစ် ဆင်ခြင်နေကြတာကိုး ။

ဒါကြောင့် နှစ်သစ်ကူး သန္နိဋ္ဌာန် ချမှတ်တာကို လုပ်တတ်ပြီးသား ၊
လုပ်နေကျ လူတွေအတွက်တော့ ဘာမှ ထွေထွေထူးထူး ပြောနေစရာမလိုပေမယ့်
အခုမှ စပြီး ဒီ အလေ့အကျင့်လေးကို မွေးမြူကြည့်ချင်တဲ့ လူငယ်တွေ …
သူများ လုပ်လို့သာ လုပ်နေရတယ် ။ တကယ်တမ်းက ဇဝေဇဝါ နဲ့ စမ်းတဝါးဝါး လုပ်နေရသလိုမျိုး
ခံစားနေရတဲ့ လူငယ်တွေ အတွက် ဒီ စာစုလေးကို ရေးပေးလိုက်တာပါ ။

ကျွန်တော် ( ကိုဇင်ဇေ ) အနေနဲ့ သိလွန်း တတ်လွန်းလို့ ဆရာကြီး လုပ်ပြီး ရေးပြရတာ မဟုတ်ပါဘူးဗျာ ။
ဖတ်ခဲ့ ၊ မှတ်ခဲ့ ၊ လိုက်နာ ကျင့်သုံးခဲ့ဖူးတာလေးတွေထဲက တစ်ချို့ကို စာဖတ်သူတွေအတွက်
အကျိုး တစ်ခုခု ဖြစ်ပါစေလို့ သာ ရည်ရွယ်ပြီး ရေးသားလိုက်ရတာပါ ။

ကဲ ကျွန်တော်တို့ စကြရအောင်ဗျာ ။

၁။
နှစ်သစ်ကူး သန္ဒိဋ္ဌာန် ချရာမှာ ပထမဆုံး လုပ်သင့်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ယူဆထားတဲ့ အချက်ကတော့
” မိမိရဲ့ စံတန်ဖိုးများကို ပြန်လည် ဆင်ခြင် သတ်မှတ်ဖို့ ” ပါပဲ ။

ကျွန်တော် လူငယ်တွေအတွက် ရေးခွင့်ရတဲ့ စာတိုင်း ၊ စကားပြောခွင့်ရတဲ့ ပွဲတိုင်းမှာ အမြဲ သတိပေးလေ့ရှိပါတယ် ။
ဘဝ အောင်မြင်ဖို့ဆိုတာ ဘဝ ပန်းတိုင် ချမှတ်တတ်ဖို့ လိုတယ် ။
အဲလို ချမှတ်တဲ့နေရာမှာလည်း အများစု အသုံးပြုနေကြတဲ့ “ S.M.A.R.T” ဆိုတဲ့ နည်းစနစ်ဟာ အားသာချက်တွေ ရှိပေမယ့်
ဟ နေတဲ့ အချက်လေးတွေလည်း ရှိနေတတ်သေးတယ် ။
ဒါကြောင့် တတ်နိုင်သမျှ Goal Setting ချမှတ်တဲ့ မူကွဲတွေကို လေ့လာထားပြီး ကိုယ်နဲ့ ကိုက်ညီအောင် ပြန်လည် အသုံးချပါ လို့ ။
( “ S.M.A.R.T” အကြောင်းကတော့ ရေးထားပြီးသူ အတော်များများ ရှိလို့ ဒီစာစုမှာ အကျယ်မဆွေးနွေးတော့ပါဘူး )

ကျွန်တော့် အနေနဲ့ကတော့ လူတစ်ယောက် ဘဝမှာ အောင်မြင်ချင်ရင် ၊ ကျေနပ်ပျော်ရွှင်ချင်ရင် ပထမဆုံး လုပ်ရမှာက
မိမိရဲ့ စံတန်ဖိုးများကို သေသေချာချာ တိတိကျကျ သတ်မှတ်ထားဖို့ပဲ လို့ ယူဆပါတယ် ။
ဒီလို မလုပ်ထားရင် မလိုအပ်ဘဲ ကိုယ့်ဘဝလမ်းကြောင်းဟာ အချိန်ကုန် ၊ အင်အားကုန်ပြီး လိုရာမရောက် ဖြစ်တတ်ပါတယ် ။
အချိန်ကြာလာပြီး အတော်လေး ခရီးလွန်မှ သိရင် အရမ်း နစ်နာရတတ်ပါတယ် ။

( ကျွန်တော့် ဘဝ နဲ့ ရင်းပြီး သိခဲ့ရတဲ့ အသိပါ ။
ကျွန်တော့် စာစုဟောင်းတွေမှာ ကျွန်တော့် အကြောင်း ပြောပြတဲ့ အခါ အမြဲ ပြောနေကြပါ ။ မဖတ်ဖူးသေးတဲ့ လူငယ်တွေ အနေနဲ့ အောက်ပါ စာစုမှာ သွားဖတ်နိုင်ပါတယ် ။

ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ >>>
http://www.myanmardreamer.com/2015/06/blog-post_90.html

ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ လမ်းပျောက် လူငယ်များ အတွက်
http://www.myanmardreamer.com/2015/06/blog-post_15.html

တကယ်တော့ လူတိုင်း လူတိုင်းမှာ မတူညီတဲ့ တန်ဖိုး ၊ စံ သတ်မှတ်ချက်တွေ ရှိပါတယ် ။
တစ်ချို့က ဘဝမှာ ငွေကို အဓိက တန်ဖိုးထားတယ် ။
တစ်ချို့က ကျော်ကြားမှု ၊
တစ်ချို့က ပျော်ရွှင်မှု ၊
တစ်ချို့က အလှအပ ၊
တစ်ချို့က ကျန်းမာရေး ၊
တစ်ချို့က အနုပညာ ၊
တစ်ချို့က ဖျော်ဖြေရေး ၊
တစ်ချို့က ဘာသာရေး ၊ သံသရာမှ လွတ်မြောက်ရေး ၊
တစ်ချို့က လူ ပီသရေး ၊ လူသား ဆန်ရေး စသည် စသည် ဖြင့်ပေါ့ဗျာ ။
ဒီလို စံသတ်မှတ်ချက်တွေဟာ သူတို့ ရှင်သန် ကြီးပြင်းလာရာ ပတ်ဝန်းကျင် ၊ အခြေအနေတွေအပေါ်မှာ မူတည်နေသလို
လက်ရှိ သူတို့ ကျင်လည်နေရတဲ့ အခြေအနေတွေ နဲ့လည်း အများကြီး ဆိုင်ပါတယ် ။

ဘယ်ဟာကို ဘယ်လို ဦးစားပေး အဆင့် သတ်မှတ်ရမယ် ဆိုတာ တစ်ဦး နဲ့ တစ်ဦး ညှိလို့ ရဖို့ သိပ် မလွယ်ပါဘူး ။
တစ်ဦး အတွက် တစ်ဦးက ဆုံးဖြတ်ပေးတာမျိုးလည်း မဖြစ်သင့်ပါဘူး ။
အကြံဉာဏ် ပေးလို့ ရပါတယ် ။ ဒါပေမယ့် ဝင်ပြီးတော့ ဆုံးဖြတ်ပေးတာမျိုးတော့ မလုပ်သင့်ပါဘူး ။
ဒီတော့ လူ တစ်ယောက်ဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘဲ ခိုင်မာ သေချာတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့
ကိုယ်ပိုင် ဦးစားပေး စံသတ်မှတ်မှုတွေ လိုအပ်မှာပါ ။
မိမိရဲ့ ပန်းတိုင်ကို စနစ်တကျ ချမှတ်တဲ့ နေရာမှာ ဒီ အဆင့်ကို လုံးဝ ကျော်မသွားသင့်ပါဘူး ။

ဒီလိုပဲ ။ အခုလို နှစ်ဟောင်း တစ်ခု ကုန်လို့ နှစ်သစ် တစ်ခု ကူးပြောင်းချိန်
နှစ်သစ်ကူး သန္ဒိဋ္ဌာန် ချမှတ်ချိန်မှာလည်း ကိုယ့်ရဲ့ တန်ဖိုး ၊ စံ သတ်မှတ်မှုတွေကို ပြန်လည် ဆင်ခြင်ရမှာ ဖြစ်ပါတယ် ။
တစ်နှစ် နဲ့ တစ်နှစ် ကိုယ့်ရဲ့ အနေအထားတွေ ၊ ပတ်ဝန်းကျင် အခြေအနေတွေ မတူတော့တာမျိုး ဖြစ်နိုင်တဲ့အတွက်
တန်ဖိုး ၊ စံ သတ်မှတ်မှုတွေကိုလည်း လိုအပ်ရင် ပြောင်းလဲ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ် ။
ဒါမှ ဘယ် တန်ဖိုး ကို ရယူဖို့ အတွက် ဘယ်လောက် အချိန် နဲ့ အင်အားကို စိုက်ထုတ်မယ်ဆိုတာကို
ထိထိရောက်ရောက် စီမံ ခန့်ခွဲနိုင်မှာ ဖြစ်ပါတယ် ။

ဒီတော့ စာဖတ်သူတွေ အနေနဲ့ အောင်မြင် ပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကို ကျေနပ်တဲ့ ဘဝမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်
ကိုယ့်ရဲ့ တန်ဖိုး ၊ စံ သတ်မှတ်မှုတွေကို ဦးစားပေး အဆင့် အလိုက် သတ်မှတ်ဖို့ကို အရင်ဆုံး လုပ်စေချင်ပါတယ် ။
ဥပမာ အနေနဲ့ ကျွန်တော့်ရဲ့ ဒီ နှစ် ၂၀၁၆ အတွက် စံသတ်မှတ်မှု ပုံစံကို နမူနာ ရေးပေးလိုက်ပါတယ် ။

၁။ လူသား ဆန်မှု ၊ လူ ပီသမှု ၊ လူ့ သိက္ခာရှိမှု ( ကိုယ်ကျင့်တရား ၊ ကိုယ်ချင်းစာစိတ် ၊ ရိုးသားခြင်း …စသည် ….)
၂။ ငွေကြေး ဖူလုံမှု ၊ တိုးတက်မှု ၊ လွတ်မြောက်မှု
၃။ အသိပညာ ၊ ဗဟုသုတ တိုးပွားလာခြင်း ၊ ဖြန့်ဝေနိုင်ခြင်း
၄။ အများ အကျိုး ဆောင်ရွက်ခြင်း
၅။ မိသားစု ဆက်ဆံရေး ပိုမိုကောင်းမွန်ခြင်း ၊ မိတ်ကောင်း ဆွေကောင်းများ ပိုမို များပြားလာခြင်း
၆။ ရေတို ပျော်ရွှင်မှုများ ရယူခြင်း
၇။ ဂီတ ၊ ကဗျာ ၊ ရသ အနုပညာ ကောင်းများ ခံစား ၊ ဖန်တီးနိုင်ခြင်း

( ဥပမာ အနေနဲ့ မြင်သာအောင်သာ ရေးပြလိုက်တာဆိုတော့ မဟုတ်က ဟုတ်ကတွေ မပါဘဲ
အကောင်းကြီးပဲ ဖြစ်နေတာတော့ သည်းခံပါ ခင်ဗျာ .. 😛 )

၂။
အခု ဒုတိယ အဆင့်ကို ပြောပါရစေ ။
ဒုတိယ အဆင့် အနေနဲ့ ကျွန်တော်တို့ လုပ်သင့်တာကတော့
မိမိရဲ့ လက်ရှိအခြေအနေကို သေချာ ပြန်လည် စုစည်း သုံးသပ်ဖို့ပါ ။
ဒီနှစ်အတွင်းမှာ လုပ်ခဲ့တာ ၊ လုပ်နေတာ တွေကို သေချာ စုစည်းပါ ။
ဖြစ်နိုင်ရင် နံပါတ်စဉ် တပ်ပြီး သေချာ ချရေးပါ ။
ဒီ အတိုင်း စဉ်းစားလည်းရပေမယ့် တခါတလေမှာ အရေးကြီးပေမယ့် မေ့ပြီး ကျန်သွားတဲ့ အချက်မျိုးတွေ ရှိတတ်လို့ပါ ။
ဒါတွေ အပေါ်မှာ ဆင်ခြင် သုံးသပ်ပြီးတော့မှ အခု လာမယ့် နှစ်သစ် (၂၀၁၆) မှာ
ဘာတွေ လုပ်မယ် ဆိုတာတွေကို ထိထိရောက်ရောက် ဆုံးဖြတ်ချက်ချနိုင်မှာမို့ပါ ။

ဥပမာ တစ်ခု လုပ်ပြပါမယ် ။

၂၀၁၅ တွင် လုပ်ခဲ့တာများ

၁။ မြန်မာ့ အိပ်မက် ( လူငယ် တိုးတက်ရေး မဂ္ဂဇင်း ) – ၂ တွဲ – အခမဲ့ စီစဉ် ဖြန့်ဝေပေးခြင်း
၂။ ရေဘေး သင့် ပြည်သူများ အတွက် ” ကြယ်ငါး ကောက်သူများ ” ပရဟိတ အဖွဲ့ ဖွဲ့စည်းပြီး ကူညီ လှုဒါန်းနိုင်ခဲ့ခြင်း
၃။ #ActiveReaders စာဖတ် အသင်း ဖွဲ့စည်းနိုင်ခဲ့ခြင်း
၄။ #ActiveEnglish စကားပြော သင်တန်းကို
ပိုမို ကျယ်ဝန်းသော သင်တန်းနေရာ သစ် သို့ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ခဲ့ခြင်း

  • သင်တန်း Facebook page , Websites , Mobile Apps, Ebooks များကို လူသုံး ပိုများလာအောင် လုပ်နိုင်ခြင်း
    ၅။ Online/Social Media Marketing Project အချို့ အကြံပေး ၊ ဝန်ဆောင်မှု ပေးနိုင်ခဲ့ခြင်း
    ၆။ ရေရှည် အလားအလာရှိသည့် လုပ်ငန်း ၁ ခုမှာ ရှယ်ယာ ထည့်ဝင်ခြင်း
    ၇။ ၁ နှစ်တာ ရည်မှန်း ဝင်ငွေ ထက် ကျော်လွန်အောင် လုပ်ကိုင်နိုင်ခဲ့ပြီး
    တစ်သက်တာ ရည်မှန်း ဝင်ငွေ ၏ ၂.၅ ရာခိုင်နှုန်း ရရှိအောင် လုပ်ကိုင်နိုင်ခဲ့ခြင်း
    ၈။ လူငယ်တစ်ယောက်ကို ထိထိရောက်ရောက် ကူညီ နိုင်ရန် ကြိုးစားသည် ။
    မအောင်မြင် ၊ သို့သော် မရှုံး ။ နည်းနည်းလေးတော့ ကောင်းကျိုး သက်ရောက်မှု ရှိခဲ့သည် ။
  • လူလတ်ပိုင်း တစ်ယောက်ကို ထိထိရောက်ရောက် ကူညီ နိုင်ရန် ကြိုးစားသည် ။
    မအောင်မြင် သည့် အပြင် အတော်လေး ရှုံးသည် ။
    နောက်လူ တစ်ယောက် ကို ထပ်ကူညီချင်စိတ် မရှိတော့လောက်အောင် ဖြစ်သွား၍
    အတော်လေး ကိုယ့် စိတ်ကို ကိုယ် ပြန်ပြင်လိုက်ရသည် ။
    ၉။ ပခုက္ကူ Barcamp မှာ ၊ Global Enchanting သင်တန်းမှာ
    ” လူငယ်တွေ အတွက် ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး မိတ်ဆက် “
    ” ဘဝ ပန်းတိုင် ဘယ်လို ချမှတ်မလဲ ” စသည့် အကြောင်းအရာများဖြင့်
    လူငယ်တိုးတက်ရေး အတွက် ဟောပြော ဆွေးနွေးပေးနိုင်ခဲ့သည် ။

အပေါ်က အချက်တွေပေါ်မှာ မူတည်ပြီး ဒီလိုမျိုး အစီအစဉ်တွေ ဆက်ပြီး ဆွဲလို့ ရပါတယ် ။ 🙂

လက်ရှိ လုပ်နေဆဲ နှင့် ၂၀၁၆ တွင် လုပ်စရာများ

၁။ မြန်မာ့ အိပ်မက် ( လူငယ် တိုးတက်ရေး မဂ္ဂဇင်း ) – ၂ တွဲ – အခမဲ့ စီစဉ် ဖြန့်ဝေပေးနိုင်ရမည် ။
ကိုယ့်ထူး ကိုယ်ချွန် လူငယ် ၊ လူလတ်ပိုင်းတို့၏ စာမူ ၊ အင်တာဗျူး များ ပါဝင်ရမည် ။
၂။ ” ကြယ်ငါး ကောက်သူများ ” ပရဟိတ အဖွဲ့ ကို ပြန်လည် စုစည်းပြီး
ပညာရေး ဆိုင်ရာ အတွက် ငွေကြေး နှင့် ၊ စနစ်ကောင်း လိုအပ်နေသူများကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားမည် ။
၃။ #ActiveReaders စာဖတ် အသင်း ကို ပိုမို ထိရောက်စွာ လှုပ်ရှားလာစေရန် ကြိုးစားမည် ။
၂၀၁၆ အတွင်း အနည်းဆုံး ၃ ကြိမ် လူချင်း တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်မည် ။

၄။ #ActiveEnglish သင်တန်းကို ယခုထက် ပိုမိုအောင်မြင်အောင် လုပ်ရမည် ။
Quality Control များ ထပ်တိုးမည် ။
Traditional and Online Learning ချိတ်ဆက်မှု ပိုမို အားကောင်းလာအောင် လုပ်မည် ။
နောင် သင်တန်း ချဲ့ထွင်နိုင်ရန် ကြိုတင်၍ စေတနာ နှင့် အရည်အချင်း ပြည့်ဝသော ဆရာ ကောင်းများ ရှာမည် ။
၅။ Online/Social Media Marketing Project များ
အခြားလူများကို ဝန်ဆောင်မှုပေးခြင်းကို ပုံမှန်အတိုင်းထိန်းထားပြီး
ကိုယ့် အဖွဲ့အစည်း နှင့် လက်ရှိ Clients များ အတွက်သာ ဦးစားပေး လုပ်မည် ။

၆။ အလားအလာရှိသည့် နောက်ထပ် လုပ်ငန်း ၁ ခု ကို ရှယ်ယာထည့်မည် ။
( အများဆိုင် ရှယ်ယာကို ဗဟုသုတ သဘောထက် ပို၍ မဝယ် ။ မရင်း နှီး ရန် ။ )
၇။ ကိုယ်ပိုင် လုပ်ငန်း သစ် တစ်ခု / ဝင်ငွေ လမ်းကြောင်းသစ် တစ်ခု ကြိုးစား ထူထောင်မည် ။
၈။ တစ်နှစ်တာ ခန့်မှန်း ဝင်ငွေ ပမာဏကို —– သို့ တိုးမြှင့်ပြီး
တစ်သက်တာ ရည်မှန်းဝင်ငွေ၏ ——– ရာခိုင်နှုန်း သို့ ရောက်အောင် ကြိုးစားမည် ။

၉ ။ လူငယ် တစ်ယောက် ကို ထပ်ကူညီမည် ။
၁၀။ နောင် ရေးမည့် စာအုပ် ၂ အုပ် ( English ဘာသာစကား ဆိုင်ရာနှင့် ၊ လူငယ် တိုးတက်ရေး လမ်းညွှန် ) အတွက်
အချက်အလက် များ ၊ အတွေးအခေါ် ၊ အတွေ့အကြုံ နှင့် စာစုများ ကြိုတင် စုဆောင်းထားမည် ။

ကျွန်တော့် အနေနဲ့ ဒီ အချက်တွေကို အပေါ်က ၂၀၁၅ မှာ လုပ်ခဲ့တာတွေ နဲ့
ကိုယ့်ရဲ့ တစ်သက်စာ တန်ဖိုး၊ စံသတ်မှတ်ချက်တွေအပေါ်မှာ မူတည်ပြီး အစီအစဉ် ဆွဲလိုက်တာပါ ။

စိတ်အေးအေးထားပြီး လုပ်လိုက်ရင် ဒီ အဆင့်လေး က ဘာမှ မခက်ပါဘူး ။
ဒါပေမယ့် မိမိဘဝရဲ့ လားရာလမ်းကို အမြဲမပြတ် ထိထိရောက်ရောက် စောင့်ကြည့်နိုင်တဲ့နေရာမှာ အလွန် ထိရောက်ပါတယ် ။
ဒါကြောင့် စာဖတ်သူများလည်း ဒီ အဆင့်လေးကို သေသေချာချာ ပြတ်ပြတ်သားသားလေး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ။

( ဒါတွေကို အသေးစိတ် ရေးနေတယ်ဆိုတာ ကျွန်တော့်ကို အထင်ကြီး စေချင်လို့သက်သက်မဟုတ်ပါ ။
ကိုယ်ရည်သွေးပြီး ဒါတွေ ရေးနေတာ မဟုတ်ပါ ။
လက်တွေ့ဆန်ဆန်မဟုတ်ဘဲ သီအိုရီတွေ လေသံကြား တရားနာ ပြန်ပြောနေတယ်ထင်ပြီး တန်ဖိုး မထားမှာ စိုးလို့ပါ ။
သဘောတရား အကြမ်းဖျဉ်းလောက်လေးပဲ သိပြီး တကယ် လိုက်မလုပ်တတ်မှာ စိုးလို့ပါ ။

( စာဖတ်သူတွေ ကိုယ့်ကို အထင်ကြီးစေချင်စိတ် ၊ အသိအမှတ်ပြုခံချင် စိတ်လည်း နည်းနည်းတော့ ပါတယ် ဆိုတာ ဝန်ခံပါရစေ … 😀 )

၃။
အခု တတိယ အဆင့် အနေနဲ့ ကျွန်တော်တို့ လုပ်သင့်တာကတော့
အတတ်ပညာ တစ်ခုခုကို သေသေချာချာ လေ့လာ လေ့ကျင့်ဖို့ … ကျွမ်းကျင်အောင် လုပ်ဖို့ပါပဲ ။

” လက်ရှိ လုပ်နေတာတွေကိုပဲ ထပ် ထပ် လုပ်နေရင်
လက်ရှိ ရလာဒ်တွေပဲ ထပ် ထပ်ရနေလိမ့်မယ် ။
လက်ရှိ အနေအထားထက် ပိုကောင်းတဲ့ ရလာဒ်တွေကို လိုချင်ရင်
လက်ရှိထက် ပိုကောင်းစေမယ့် အရာတွေကို လုပ် ” ဆိုတဲ့ စကား တစ်ခွန်း ရှိပါတယ် ။

ရုတ်တရက်တော့ ” ဒါလေးများ သိသားပဲ ” လို့ ထင်စရာရှိပေမယ့် တကယ်တမ်းကျတော့
လက်တွေ့ လိုက်နာကျင့်သုံးနိုင်ဖို့ဆိုတာ ထင်သလောက်၊ပြောသလောက် မလွယ်ဘူးဆိုတာကို
ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ရင် ၊ ကိုယ့် ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်ရင် အထင်းသား သိနေ၊မြင်နေရမှာပါ ။

ဒါကြောင့် အတတ်ပညာ အသစ်အသစ်တွေကို လေ့လာလေ့ကျင့်နေဖို့ ၊
ဒါမှမဟုတ် သိပြီး တတ်ပြီးသား အရာတွေကိုလည်း ပိုမိုကျွမ်းကျင်အောင် လေ့လာလေ့ကျင့်နေဖို့ အစီအစဉ် ဆွဲထားသင့်ပါတယ် ။

  • ရုံးသုံး Softwares တွေကို ကျွမ်းကျင်ဖို့
  • ကွန်ပျူတာ ၊ ဖုန်း ကို အခုထက်ပိုပြီး ထိထိရောက်ရောက် ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် သုံးတတ်ဖို့
  • Website တစ်ခု ၊ Mobile Application တစ်ခု ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်ဖို့
  • ရေကူး ဒါမှမဟုတ် အားကစား တစ်ခုခုမှာ ကျွမ်းကျင်ဖို့
  • လူရှေ့ သူရှေ့ စကားပြော ကျွမ်းကျင်ဖို့
  • ဆွေးနွေး ညှိနှိုင်း တဲ့ နေရာမှာ ကျွမ်းကျင်ဖို့
  • အရောင်းပညာ ၊ ဈေးကွက် ထိုးဖောက်ရေး ပညာမှာ ကျွမ်းကျင်ဖို့ … စတဲ့ လောကီ ဆိုင်ရာ ကိစ္စတွေသာမက
    ဘာသာရေး နယ်ပယ် နဲ့ ပိုမို ဆက်စပ်မှု ရှိတဲ့
  • မိမိ စိတ်ကို ထိမ်းချုပ် ပဲ့ပြင်ရာမှာ ကျွမ်းကျင်ဖို့
  • သမာဓိ ထူထောင်ရာမှာ ကျွမ်းကျင်ဖို့ စတာတွေလည်း ဖြစ်နိုင်ပါတယ် ။

အဓိကကတော့ မိမိရဲ့ တန်ဖိုး၊စံ သတ်မှတ်မှု ၊ ချမှတ်ထားတဲ့ ပန်းတိုင်တွေနဲ့ ကိုက်ညီမှု ရှိပြီး
အဲ့ဒီ အရာတွေကို ရရှိအောင် ဆောင်ကျဉ်းပေးနိုင်မယ့် အသိပညာ ၊ အတတ်ပညာတွေကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင်
လေ့လာလေ့ကျင့်နေဖို့ အဓိက ပါပဲ ။

ဒီတော့ ကျွန်တော်တို့ အနေနဲ့ လာမယ့် နှစ်သစ်မှာ ဘယ်လို အရည်အချင်းတွေ တိုးပွားလာအောင် လုပ်မယ် ။
ဘယ်လို အတတ်ပညာတွေကို ကျွမ်းကျင်အောင် လုပ်မယ်ဆိုတာကိုလည်း သေချာ စဉ်းစားပြီး ဆုံးဖြတ်ချက် ချသင့်ပါတယ် ။

ပြီးရင်တော့ …

  • စာအုပ်တွေ ၊ အသံ နဲ့ ဗီဒီယို ဖိုင်တွေကနေ တဆင့် လေ့လာသင်ယူမယ် ။
  • ကျွမ်းကျင်သူတွေကို မေးမြန်းပြီး လေ့လာသင်ယူမယ် ။
  • ဟောပြောပွဲ ၊ ဆွေးနွေးပွဲတွေကို တက်ရောက်ပြီး လေ့လာသင်ယူမယ် ။
  • သင်တန်းတွေ တက်ရင်း လေ့လာသင်ယူမယ် ။
  • မိမိဘာသာမိမိ စမ်းသပ်လုပ်ကိုင်ရင်း လေ့လာ သင်ယူမယ် ။
    စသဖြင့် လေ့လာသင်ယူနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပြီး
    ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး စုပေါင်းစပ်ပေါင်း အသုံးချ သင့်ပါတယ် ။

=====

၄။
အဆင့် ၄ အနေနဲ့ကတော့
ကျွန်တော်တို့ အနေနဲ့ ခပ်ဝေးဝေးကို ကြည့်ထားသလို
အနီးဆုံးကိုလည်း ပြန်ကြည့်ဖို့ ဖြစ်ပါတယ် ။

လူသား တစ်ယောက် အနေနဲ့ ကျွန်တော်တို့ရဲ့ အခြေခံ လိုအပ်ချက်တွေက ဘာတွေလဲ ?
ဒါတွေကိုရော ကျွန်တော်တို့ ပြည့်စုံအောင် စွမ်းဆောင်နိုင်ပြီးပြီလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်သင့်ပါတယ် ။

  • စားဝတ်နေရေး ဖူလုံရဲ့လား ?
  • ရုတ်တရက် ဖြစ်လာမယ့် ဘေးဒုက္ခတွေကို တောင့်ခံနိုင်လောက်တဲ့ အရန် ငွေ အင်အား စုဆောင်းထားပြီးပြီလား ?
  • သက်တောင့် သက်သာ နေထိုင်နိုင်တဲ့ ဘဝ လူနေမှု ပုံစံကို ပိုင်ဆိုင်ထားပြီလား ?
  • ကျန်းမာရေး ရော ကောင်းရဲ့လား ?
  • ချစ်သူ ၊ ဇနီး ခင်ပွန်း ၊ သား သမီးတွေ နဲ့ ရော အဆင်ပြေ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါရဲ့လား ?
  • မိမိ ကို လူအများက ချစ်ခင်လိုလား ကြပါရဲ့လား ? အသိအမှတ်ပြုကြပါရဲ့လား ?
  • မိတ်ကောင်း ဆွေကောင်း ပတ်ဝန်းကျင်ကောင်း ရှိပါရဲ့လား ?
  • မိမိကိုးကွယ်တဲ့ ဘာသာရေး အရရော မိမိဘဝက လုံခြုံစိတ်ချ ရပြီလား ?
    စတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို သေချာ ပြန်မေးကြည့်သင့်ပါတယ် ။
    ပြီးရင်တော့ လိုအပ်နေတာတွေကို ထပ်မံ ရရှိအောင် ကြိုးစားဖို့ ဆုံးဖြတ်ချက် ချပြီး အစီအစဉ်ဆွဲ သင့်ပါတယ် ။

၅။
နောက် ထပ် အဆင့် ၅ အနေနဲ့ ကျွန်တော်တို့ လုပ်သင့်တာကတော့ ကျွန်တော်တို့မှာ ရှိတဲ့
အချိန် ၊ ငွေ ၊ အင်အား နဲ့ တတ်ကျွမ်းမှုတွေကို အကောင်းဆုံး စီမံခန့်ခွဲနိုင်အောင် ပြင်ဆင်ဖို့ပါပဲ ။

  • ဘယ် အလုပ်တွေကို အချိန် ပိုပေးပြီးတော့
    ဘယ်ဟာတွေကိုတော့ အချိန် လျှော့သုံးမယ် ။
  • ဘယ် အရာတွေအတွက် ငွေကို ပိုသုံး ၊ ရင်းနှီးမြှုပ်နှံပြီးတော့
    ဘယ်နေရာတွေမှာတော့ လျှော့သုံးမယ် ။
  • ကိုယ့်ရဲ့ အင်အားအရှိဆုံး အချိန်မှာ ဘယ်အရာတွေကို ဦးစားပေး လုပ်ကိုင်ပြီးတော့
    သာမန်နဲ့ အားနည်းနေချိန်မှာ ဘယ်အရာတွေကို လုပ်ကိုင်မယ် ။
  • ကိုယ့်ရဲ့ အသိပညာ ၊ အတတ်ပညာကို ဘယ်လို အထိရောက်ဆုံး ဖြစ်အောင် အသုံးချမယ် စသဖြင့်
    ကျွန်တော်တို့ စဉ်းစားဆုံးဖြတ် စီမံ ရမှာပါ ။

ကဏ္ဍ တစ်ခုချင်း အလိုက် ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူပြီး စဉ်းစားစီမံရမှာပါ ။
တစ်ခါ သေချာ လုပ်ဖူးရင်တော့ နောက်အခါတွေ လုပ်တဲ့အခါ ပိုပြီး သက်သာလွယ်ကူသွားမှာပါ ။

သာမန်ထက်ပိုပြီး ထူးချွန်သူများ ၊ အဖွဲ့အစည်း တစ်ခုခုကို ခေါင်းဆောင်နေသူများကတော့
ကိုယ့်ကိုယ်ကိုသာ မက ကိုယ်နဲ့ အလုပ်တွဲလုပ်နေသူတွေကိုပါ အကောင်းဆုံး စီမံ ခန့်ခွဲနိုင်အောင် ပြင်ဆင်ရမှာပါ ။

=====

၆။
အဆင့် ၆ အနေနဲ့ လုပ်သင့်တာကတော့ တကယ် အရေးကြီးပါတယ် ။
အခုနက အချက်တွေကို ရေရှည်အကျိုး ဖြစ်ထွန်းစေနိုင်မယ့် အဓိက အဆင့် ဖြစ်နေလို့ပါ ။

” မိမိမှာ ရှိတဲ့ အလေ့အကျင့်ဆိုးတွေကို
အောင်မြင် ပျော်ရွှင်သူများရဲ့ အလေ့အကျင့်ကောင်းများ ဖြစ်လာအောင်
မွေးမြူလေ့ကျင့်ပြီး အစားထိုး ကျင့်သုံးဖို့ပါ ။ “

အပြောင်းအလဲ ကောင်း တစ်ခုဆိုတာ လွယ်လွယ်နဲ့တော့ ရလေ့ သိပ်မရှိပါဘူး ။
ဆိုးရွားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်လာဖို့ အတော်လေး လွယ်ကူပေမယ့်
ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခု ရရှိလာဖို့ဆိုတာ အတော်လေးကို ဖိဖိစီးစီး လုပ်ရတာမျိုးပါ ။

၁။ ပြောင်းသင့်တယ်လို့ သိရတယ်
၂။ ပြောင်းရဲ ဖို့ သတ္တိ ရှိရတယ်
၃။ ပြောင်းကို ပြောင်းမယ်လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချရမယ်
၄။ ဘယ်လို အဆင့်ဆင့် ပြောင်းမလဲ စဉ်းစား ဆုံးဖြတ်ရမယ်
၅။ တစ်ဆင့်ချင်းကို သေသေချာချာ အကောင်အထည် ဖော်သွားရမယ်
၆။ လိုအပ်သလို ပြန်လည် ဆန်းစစ်နေရမယ်
၇။ ရေရှည် စွဲစွဲမြဲမြဲ လုပ်ကိုင် ရမယ် ။

စတဲ့ အဆင့် ၇ ဆင့်ကို သေသေချာချာ ဖိဖိစီးစီးလုပ်နိုင်မှ ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာပါ ။

ဒီ ၇ ဆင့်မှာမှ အရေးအကြီးဆုံး နဲ့ လူ အများစု ကျဆုံးမှု အများဆုံးဖြစ်လေ့ရှိတဲ့နေရာကတော့
( ကျွန်တော့် အမြင် ) အဆင့် ၇ – ရေရှည် စွဲစွဲမြဲမြဲ လုပ်ကိုင် ဖို့ ဖြစ်ပါတယ် ။

ဒါကြောင့် ဒီလို ရေရှည် စွဲစွဲမြဲမြဲ လုပ်ကိုင်နိုင်ဖို့ ကို သီးသန့် တကူးတက အနေနဲ့ မဟုတ်ဘဲ
အလေ့အကျင့် တစ်ခု အနေနဲ့ ကူးပြောင်းနိုင်အောင် ကြိုးစားစေချင်တာ ဖြစ်ပါတယ် ။

အလုပ် တစ်ခုကို လုပ်သင့်လို့ဆိုပြီး ရံဖန်ရံခါ ထလုပ်တာထက် အကျင့်ဖြစ်ပြီး ပုံမှန်လုပ်နေတာမျိုးက ပိုပြီး အများကြီး သက်သာပါတယ် ။
အကျင့်ရနေတယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အင်အား အများကြီး စိုက်ထုတ်ရတယ်လို့ မထင်တော့ဘဲ
ပိုပြီး ပေါ့ပေါ့ပါးပါး လုပ်နိုင်လာလေ့ရှိပါတယ် ။ ဒါဆိုရင် ဒီ အလုပ်ကို ရေရှည်လုပ်ဖြစ်ဖို့ အတော်လေး လွယ်သွားပါပြီ ။

  • စာဖတ်သူက ပျင်းတတ်သူ ဆိုရင် မပျင်းတတ်တဲ့ အကျင့်ရအောင် မွေးယူပါ ။
  • စာဖတ်သူက နေ့ရွှေ့ ညရွှေ့ လုပ်တတ်သူဆိုရင် လုပ်သင့်တဲ့အလုပ်ကို လုပ်သင့်တဲ့အချိန်မှာ ထ လုပ်တတ်တဲ့ အကျင့်ရအောင် မွေးယူပါ ။
  • စာဖတ်သူက အရက် ၊ ဘီယာ ၊ ဆေးလိပ် တို့ကို မိမိ ကျန်းမာရေး ၊ ငွေကြေး ၊ ဆက်ဆံရေး ထိခိုက်လာက်အောင် သုံးစွဲတတ်သူဆိုရင်
    ဒါတွေကို လျှော့ချနိုင်အောင် အကျင့်လုပ်ပါ ။ မသုံးစွဲဘဲ နေ့နိုင်အောင် အကျင့်လုပ်ပါ ။
  • စာဖတ်သူက စာကောင်းပေကောင်း ဖတ်ကျင့် နည်းနေရင် စာဖတ်ကျင့်များလာအောင် လုပ်ပါ ။
  • စာဖတ်သူက အပြောပဲ သန်ပြီး နားမထောင်တတ်ရင် လူအများဆီက နားထောင် သင်ယူတတ်အောင်လည်း လုပ်ပါ ။
  • စာဖတ်သူက အောင်မြင်သူတွေကို မနာလိုစိတ် များလွန်းရင် သူတို့ကို အားကျပြီး သူတို့ဆီက ကောင်းတာလေးတွေ ရွေးယူတတ်တဲ့ အကျင့်ရအောင် လုပ်ပါ ။
  • စာဖတ်သူက ကိုယ့်အတွက်ပဲ ကိုယ် ကြည့်လေ့ရှိတယ်ဆိုရင် အများအကျိုးလေးလည်း နည်းနည်းလောက် မျှပြီးလုပ်နိုင်တဲ့ အကျင့်ရအောင် မွေးယူပါ ။

ဒီကိစ္စတွေက ရေးရ ၊ ဖတ်ရတာသာ လွယ်တာပါ ။ တကယ် လုပ်ကြည့်ရင် အတော်လေး ဇွဲ ကောင်းမှ ဖြစ်တာပါ ။
စာရေးသူ ကျွန်တော်လည်း အကုန်မလုပ်နိုင်သေးပါ ။ အချိန်တိုင်း လေ့လာသင်ယူ အလေ့အကျင့် လုပ်နေရဆဲပါ ။
ဒါပေမယ့် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့ လုပ်နိုင်ပါလိမ့်မယ် ။

တခြား အောင်အောင်မြင်မြင် လုပ်နေတဲ့လူတွေ ရှိလို့
ကျွန်တော်လည်း လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ပါတယ် ။
ကျွန်တော် လုပ်နိုင်သလို
စာဖတ်သူလည်း လုပ်နိုင်ပါတယ် ။
ကျွန်တော်တို့ အားလုံး လုပ်နိုင်ကြပါတယ် ။

အခုပဲ မရရအောင် လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ 🙂

၇။
ကဲ အခုကတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်မယ့် အဆင့် ၇ ပါ ။

အခုနက အပေါ်မှာ ကျွန်တော် တောက်လျှောက် ရေးလာတဲ့ အဆင့် ၆ ဆင့် လုံးဟာ
အပြောလွယ် ၊ အရေးလွယ်သလောက် လက်တွေ့အကောင်အထည်ဖော်ရာမှာ
အတော်လေး ခက်လှတာပါ ။

ဒီ အဆင့်တွေကို ဖတ်ကြည့်ပြီး ဒီလောက်တောင် လုပ်စရာတွေများလှတာ မလွယ်ပါဘူး ။
မလုပ်တော့ပါဘူးကွာ ။ ငါ့ဘာသာငါ အေးအေးဆေးဆေး သက်တောင့်သက်သာပဲ နေပါတော့မယ်လို့ တွေးမိတာမျိုး ဖြစ်နိုင်ပါတယ် ။
လုပ်သင့်တယ်လို့ ဦးနှောက်က လက်ခံလိုက်ရင်တောင် လုပ်ကို လုပ်မယ်လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ခက်ပါတယ် ။
ဆုံးဖြတ်ချက် ချပြီးလို့ အကောင်အထည် ဖော်ဖို့ ကြိုးစားရင်း လမ်းခုလတ်မှာ
ဘယ်လို ဆက်လုပ်လို့ လုပ်ရမှန်း မသိတော့တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ် ။ ဖြစ်လည်း ဖြစ်တတ်ပါတယ် ။
( ကျွန်တော့် အနေနဲ့လည်း ဒီ စာစုလေးထဲမှာ အသေးစိတ်တွေ အကုန်ထည့်ရေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ )

နောက် တစ်ခုက ကျွန်တော်က ကျွန်တော် ဖတ်မှတ်လာတဲ့ အသိတွေ ၊
ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အရ ဆွေးနွေးတင်ပြပေးထားတာဖြစ်လို့
စာဖတ်သူ တစ်ဦးချင်း တစ်ယောက်ချင်း ရဲ့ လက်ရှိ အနေအထားနဲ့ ညှိယူတဲ့ နေရာမှာ
အခက်အခဲ ရှိနေတာမျိုးလည်း ဖြစ်တတ်ပါတယ် ။
ဒီလို တွေများ ကြုံလာခဲ့သည် ရှိသော် အခု ကျွန်တော် ပြောမယ့် နောက်ဆုံး အချက်လေးကို အကောင်အထည် ဖော်စေချင်ပါတယ် ။

” မိမိရဲ့ ဘဝအနေအထားကို သေချာ နားထောင်ပေးပြီး မိမိကို
သေချာ အကြံပေး လမ်းညွှန်ပြသပေးနိုင်မယ့် ဆရာကောင်း တစ်ယောက် ရှာဖို့ပါ ။
( ဒါမှ မဟုတ် ) မိမိလိုမျိုး လုပ်ချင်တဲ့ အကြံတူ ၊ ပန်းတိုင်တူသူများ စုဝေးရာ အသင်းအဖွဲ့ တစ်ခုကို
ရှာဖွေ ချိတ်ဆက်ဖို့ ၊ စုစည်း တည်ထောင်ဖို့ပါ ။ “

” ဆရာမပြ နည်းမကျ ” ဆိုတဲ့ စကားဟာ အခု အချိန်ထိ မှန်နေဆဲပါ ။
ဒီနေ့ ခေတ်မှာ စာအုပ်တွေ ၊ ဟောပြောပွဲ တွေ ၊ အသံ နဲ့ ဗီဒီယို ဖိုင်တွေကနေ တဆင့်လေ့လာသင်ယူနေနိုင်ပြီ ဖြစ်ပေမယ့်လည်း
ကိုယ့်ကို တစ်ဦးချင်း အချိန်ပေးပြီး ဆွေးနွေး အကြံပြု သင်ပြပေးတဲ့ ဆရာသမားကောင်းတွေလောက်တော့
ထိရောက် မြန်ဆန်မှာ မဟုတ်ပါဘူး ။
ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ချက်ချင်း ထောက်ပြနိုင်မယ့် ၊ အားသာချက် အားနည်းချက်တွေကို ချက်ခြင်း သုံးသပ်ပေးနိုင်မယ့်
ဆရာသမားကောင်း တစ်ယောက်သာ စာဖတ်သူမှာ ရှိခွင့်ရထားမယ်ဆိုရင် စာဖတ်သူဖြစ်ချင်တဲ့ ဆန္ဒတွေကို အကောင်အထည် ဖော်ရာမှာ
ပိုပြီး လွယ်ကူ မြန်ဆန် နိုင်မှာပါ ။

ဒီလို ဆရာသမားဟာ လူတိုင်းဖြစ်နိုင်ပါတယ် ။
စာဖတ်သူရဲ့ မိဘတွေ ဖြစ်နိုင်ပါတယ် ။
စာဖတ်သူရဲ့ ဘာသာရပ်သင် ဆရာတွေလည်း ဖြစ်နိုင်ပါတယ် ။
စာဖတ်သူ လေးစားအားကျရတဲ့ စာရေးသူ ၊ ဟောပြောသူ တစ်ယောက်ယောက်လည်း ဖြစ်နိုင်ပါတယ် ။
သူတို့ရဲ့ အကူအညီ ၊ အကြံဉာဏ်သာ ရလာခဲ့ရင် ကိုယ့်အတွက် တအားပဲမို့
ရအောင် သေသေချာချာ လေးလေးစားစား ကြိုးစားသင့်ပါတယ် ။
မိဘ ဆွေမျိုး ဆိုရင် သိပ်ပြဿနာမရှိပေမယ့် သူစိမ်း တစ်ယောက်ယောက်ဆီက အကူအညီယူတော့မယ်ဆိုရင် ပိုပြီး သတိထားရပါမယ် ။
ကိုယ့်ကို အကူအညီပေးမယ့် လူ တစ်ယောက် ကူညီချင်စိတ်ပေါက်အောင် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရပါမယ် ။

” ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်လို့ ။ ကျွန်တော် အားတဲ့ ဒီအချိန်မှာ ခင်ဗျားနဲ့ တွေ့လို့ရမလား ? “
( တကယ်က ကိုယ့် ဆရာဖြစ်လာမယ့်လူ ဘယ်အချိန် အားလဲ ? ပေးနိုင်လဲ ? ဆိုတာကို တလေးတစား အရင်မေးရမှာ )
” ကျွန်တော် မေးနေတာ ၊ မေးထားတာ ကြာပြီလေ ။ ခင်ဗျား က ဘာလို့ မဖြေပေးသေးတာလဲ ? “
( လူတိုင်းက ဝင်လာသမျှ ထိုင်ဖြေပေးနေရလောက်အောင် မအားတတ်ကြပါဘူး ။
အထူးသဖြင့် စာဖတ်သူက အကူအညီ ၊ အကြံဉာဏ်တောင်းရလောက်အောင် အနေအထားတစ်ခု ရောက်နေတဲ့လူဆိုရင် ပိုပြီး မအားပါဘူး ။
ကိုယ့်ဘက်က စိတ်ရှည်ရပါမယ် ။ တလေးတစား မေးရပါမယ် ။ ကိုယ်က လိုချင်တဲ့ လူ ကိုး … )

ဒါတွေကို အသေးစိတ် လိုက်ရေးနေရတာ ၊ ကျွန်တော် ရေးထားတာကို ဖတ်နေရတာ
စာဖတ်သူ တစ်ချို့အတွက်တော့ ရယ်စရာ ကောင်းနေပါလိမ့်မယ် ။
တစ်ချို့ ဒီလောက်တောင် မသိတဲ့ လူငယ် ၊ လူလတ်ပိုင်းတွေ တကယ် ရှိနေလို့ ၊
ကိုယ်တွေ့ ခဏ ခဏ ကြုံခဲ့ဖူးလို့ ဒီလောက် သေချာလိုက်ပြီး ပြောပေးနေရတာပါဗျာ ။

ကျွန်တော်တို့ တုန်းက အဲ့လို ဆရာမျိုး ကြုံခွင့် သေချာမရလိုက်ပါဘူး ။
ဟို ဆရာ ဆီက နည်းနည်း ၊ ဒီ ဆရာ ဆီက နည်းနည်း ကြုံသလို သင်ယူခဲ့ရတာပါ ။
အများအားဖြင့်တော့ စာအုပ်တွေ ၊ ဟောပြောပွဲ တွေ ၊ အသံ နဲ့ ဗီဒီယို ဖိုင်တွေကနေ တဆင့်လေ့လာသင်ယူခဲ့ရတာ ပိုများပါတယ် ။

တကယ်တမ်းတော့ ဒီလို တစ်ဦးချင်း ဆွေးနွေးသင်ယူခွင့်သာ ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ အတွက် အချိန်တွေ ၊ အင်အားတွေ အချည်းနှီး မဖြစ်တော့ဘဲ
ပိုပြီး ထိထိရောက်ရောက် အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ် ။

ကျွန်တော်တို့ အလှည့်တုန်းက မရခဲ့တဲ့အရာ တစ်ခုကို လူငယ်တွေ အတွက် တတ်စွမ်းသလောက် ပြန်ပေးနိုင်အောင်
ကျွန်တော် ကြိုးစားပါတယ် ။ အကြံဉာဏ် ၊ အကူအညီများ လိုလာခဲ့ရင် ကျွန်တော့် ဘက်က အမြဲ တံခါး ဖွင့်ပေးထားပါတယ် ။
တစ်ခုတော့ ရှိပါတယ် ။ ကျွန်တော့် ရဲ့ အချိန် နဲ့ အင်အားဟာ အကန့်အသတ်ရှိတဲ့အတွက် လာ တောင်းသမျှ လူကိုတော့
ကျွန်တော် အကူအညီ ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။
( ဒါကြောင့် အများအတွက် ဆိုရင် ကျွန်တော် ဒီလို စာမျိုးတွေ ရေးတင်တာကိုပဲ အဓိက လုပ်ပေးလေ့ရှိပါတယ် ။ )

အကူအညီ လာတောင်းတဲ့လူ ဟာ ဘယ်လောက်အထိ စိတ်အားထက်သန်မှု ရှိသလဲ ?
တကယ် လိုက်လုပ်မယ့် လူလား ? အပျင်းပြေ လာနားထောင်ချင်တာလား ?
တကယ် သိချင်တာလား ? ပညာလာစမ်းချင်တာ ၊ ဦးနှောက် လာဖောက် စားချင်တာ သက်သက်လား ?
ကျွန်တော်ပေးလိုက်တဲ့ အကြံဉာဏ်တွေကို အများ ကောင်းကျိုးအတွက် လုပ်သွားမယ့် လူမျိုးလား ?
ကိုယ့် အတွက်ပဲ ကောင်းပြီး အများ အကျိုး ယုတ်အောင် လုပ်သွားမယ့် လူမျိုးလား ?
လူ တစ်ယောက်က အကူအညီ တောင်းလာတဲ့အခါမှာ ကျွန်တော့်ရဲ့ ပိုလျှံ အချိန် ၊ ငွေ နဲ့ အင်အား က သူ့ကို ကူညီဖို့ အဆင်ပြေရဲ့လား ?
စတာတွေကို ကျွန်တော် စဉ်းစား ချိန်ထိုးပြီးမှ ကျွန်တော် ကူညီနိုင်မှာပါ ။
လူတွေကို လျှာဖျားအေးနဲ့ ပေါ့ပေါ့ပါးပါးလေး ကူညီနေပါတယ် ။ ကူညီ နေပါတယ် လို့ ကျွန်တော် မပြောချင်လို့ပါ ။
လုပ်ခွင့်ရလို့ လုပ်မယ်ဆိုရင် ထိထိရောက်ရောက် ဖြစ်အောင်ပဲ လုပ်ချင်ပါတယ် ။

ကဲ ထားပါတော့ဗျာ ။
စာဖတ်သူက တကယ်ကို ကြိုးကြိုးစားစား ရှာပေမယ့် အခုနကလို ကိုယ့်ကို လမ်းပြမယ့် ဆရာသမားကောင်းမျိုးကို ရှာမတွေ့ဘူး ။
ဒါမှမဟုတ် တော်ရုံလူလောက်ကို ဆရာမတင်ချင်တာနဲ့ပဲ စိတ်တိုင်းကျ ဆရာကို ရှာမတွေ့သေးဘူး ။
ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ ဖြစ်တတ်ပါသေးတယ် ။
( စကားစပ်မိလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်
ကျွန်တော့် ဘဝ အတိုင်းအတာတစ်ခုမှာ တန့်နေတာ ၊ ရေကုန် မီးကုန် မတိုးတက်သေးတာ
အဲ့လို မာန်မျိုး ခံနေလို့ပါ ။ ကျွန်တော်က ဆရာရွေးတဲ့ နေရာမှာ သိပ်ကို အကဲ ဆတ် တတ်ပါတယ် ။
လူ တစ်ယောက် ကို တစ်ခုခု မကြိုက်တော့ဘူး ဆိုရင် လေးစားဖို့ ၊
လိုအပ်တဲ့နေရာမှာ ဆရာ တင်လိုက်ဖို့ ၊
သူ့ ရှေ့ရောက်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ဖို့ အတော်လေးကို ကျွန်တော့်အတွက် ခက်ပါတယ် ။
ဒါပေမယ့် ဒီ အကျင့်ဟာ သိပ်တော့ ကောင်းတဲ့ အကျင့်မျိုး မဟုတ်လို့ တတ်နိုင်သလောက်
ကျွန်တော့် ကို ကျွန်တော် သတိထားပြီး ပြင်ယူနေရတာ အခု အချိန်အထိပါပဲ ။ )

အဲ့လို များ ဖြစ်လာခဲ့ရင် ကျွန်တော် အကြံပေးချင်တာက ကိုယ်နဲ့ လားရာတူ ၊ ပန်းတိုင် တူတဲ့ အသင်းအဖွဲ့တစ်ခုကို ရှာဖွေ ချိတ်ဆက်ဖို့ပါ ။
အသင်း အဖွဲ့ တွေရဲ့ အားသာချက်က ဆရာ တပည့် ဆိုတဲ့ ဆက်ဆံရေးမျိုး ထားစရာ မလိုဘဲ
အချင်းချင်း ရင်းရင်းနှီးနှီး ပေါ့ပေါ့ပါးပါး အသိပညာ ဗဟုသုတ ၊ အတွေ့အကြုံတွေကို ဖလှယ်နိုင်တာပါ ။
အသင်း အဖွဲ့တိုင်းမှာ ခေါင်းဆောင် ဆိုတာတွေ ရှိပေမယ့်လည်း ကိုယ်က သူတို့နဲ့ တိုက်ရိုက်မဆက်ဆံဘဲနဲ့တောင်
အခုနကလို အသင်းသားအချင်းချင်း ဆွေးနွေးရာကနေ ပညာတွေ ၊ အကြံဉာဏ်ကောင်းတွေ အများကြီး ရနိုင်ပါတယ် ။
( ရေရှည်တော့ ဘယ်ကောင်းမလဲဗျာ ။
အသင်း အဖွဲ့ ကောင်း တစ်ခု ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်လို့ ဒီလို ဖြစ်လာဖို့ အချိန်နဲ့ အင်အား စိုက်ထုတ်ပေးထားတဲ့
အဓိက မောင်းနှင်ပေးနေတဲ့ ခေါင်းဆောင်တွေကို ထိုက်သင့်တဲ့ လေးစားသမှုတော့ ပြုသင့်တာပေါ့ ။ )

ကျွန်တော့် အနေနဲ့လည်း အဲလို မျိုး လုပ်လေ့ရှိပါတယ် ။
ကိုယ်က အခြား အသင်းအဖွဲ့တွေကို သွားချိတ်ဆက်တာမျိုး ရှိသလို
ကိုယ်တိုင်က စုစည်းပြီး တည်ထောင်ပေးတာမျိုး လည်း ရှိပါတယ် ။

အရင်က STG – Sharing Together Group ဆိုပြီး
လူငယ် တိုးတက်ရေး ၊ စီးပွားရေး အခွင့်အလမ်းရရှိရေးအတွက် အဖွဲ့လေး တစ်ခု လုပ်ခဲ့ဖူးပါတယ် ။
ကျွန်တော့် ကိုယ်ပိုင် အလုပ်တွေကို ပိုပြီး အချိန်ပေးနိုင်အောင်လို့
အဖွဲ့အနေနဲ့ လှုပ်ရှားမှုတွေကို ရပ်ခဲ့ရပေမယ့် အခုအချိန်အထိ
အဲ့ဒီ အဖွဲ့ တည်ထောင်တုန်းက ရခဲ့တဲ့ မိတ်ကောင်းဆွေကောင်း တစ်ချို့နဲ့ အဆက်အသွယ် ရှိနေဆဲပါ ။

အများအကျိုး လုပ်ဖို့ အတွက် ” ကြယ်ငါး ကောက်သူများ အဖွဲ့ “
လူငယ်တွေ စာဖတ်ပြီး အကျိုးရလာဒ်ကောင်းတွေရဖို့ အတွက် ” #ActiveReaders စာဖတ်အသင်း ” စတာတွေကိုလည်း
တည်ထောင်ပြီး အခုအချိန်ထိ ဖြည်းဖြည်းချင်း ရွေ့အောင် တွန်းနေတုန်းပါပဲ ။

ကျွန်တော် လူငယ်တွေ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့ အတွက် ရည်ရွယ်ပြီး ထုတ်ဝေတဲ့
” မြန်မာ့အိပ်မက် ” မဂ္ဂဇင်း ( https://www.myanmardreamer.com ) အတွက်လည်း
Fan Club ဖွဲ့ပေးပြီး တိုးတက်ချင်စိတ်ရှိတဲ့ လူငယ်တွေကို စုစည်းပေးသွားဖို့ အစီအစဉ် ရှိပါတယ် ။

ဒီ စာစုကို ရေးရတဲ့ ရည်ရွယ်ချက်ကလည်း လူငယ်တွေ ဒီစာစုကနေ ရတဲ့ အတွေးအခေါ်တွေကို လက်တွေ့အသုံးချနိုင်ဖို့ အပြင်
အခုလို အသင်းအဖွဲ့လေးတွေကို တစ်ပိုင်တစ်နိုင် စုစည်း တည်ထောင်နိုင်ဖို့ ၊
အချင်းချင်း အချိတ်အဆက်မိသွားစေဖို့လည်း ရည်ရွယ်ပါတယ် ။
ဒီ စာစုကို ဖတ်ပြီး နှစ်သက်သူ ၊ Comments ပေးသူ ၊ Share ပေးကြသူ အချင်းချင်းလည်း ချိတ်ဆက်ပြီး
ဒီ အကြံဉာဏ်တွေကို လက်တွေ့ အသုံးချနိုင်ပါတယ် ။

Online/Social Media လို နေရာမျိုးမှာ
ဒီစာကို ဒီလောက် အထိ ဆုံးအောင် ဖတ်ဖြစ်ဖို့ ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး ။
ကျွန်တော် ဆိုရင်တောင်မှ ဒီလောက်စာ အရှည်ဆိုရင် အရင် Share/Save ထားပြီး
နောက်မှ အေးအေးဆေးဆေး အချိန်ယူ ပြီး ပြန်ဖတ်မိဖို့ များပါတယ် ။

တကယ်လို့များ စာဖတ်သူက ဒီနေရာအထိ စာကို ဖတ်ဖြစ်ခဲ့ရင်တော့ ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ ။
ဆရာ မောင်ချောနွယ် ပြောခဲ့သလို ” ကျွန်တော်တို့ လမ်းတူ လို့ လူချင်း တွေ့ခွင့် ရကြတယ် ” လို့ ခံယူမိတာမို့
ဖြစ်နိုင်ရင် ဒီစာစု နဲ့ ပတ်သက်ပြီး စာဖတ်သူရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ် ။
Comment/Message box မှာ တွေ့ကြမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ ။
🙂

လေးစားလျက်
ကိုဇင်ဇေ

( https://www.sharingkozinzae.com )
” ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ “

========

ဖတ်ရတာ စုစုစည်းစည်း ပြန်ဖြစ်သွားအောင်
ကျွန်တော် အကျယ်ရေးထားတဲ့ အဆင့် ၇ ဆင့်ကို ပြန်ပြီး စုစည်းပေးလိုက်ပါတယ် ။

နှစ်တိုင်း ပြန်ဖတ်သင့်တဲ့ နှစ်သစ်ကူး သန္ဒိဋ္ဌာန် ချမှတ်နည်း

( အဆင့် ၇ ဆင့် )

၁။ မိမိရဲ့ စံတန်ဖိုးများကို ပြန်လည် ဆင်ခြင် သတ်မှတ်ပါ ။
တစ်နှစ် နဲ့ တစ်နှစ် ကိုယ့်ရဲ့ အနေအထားတွေ ၊ ပတ်ဝန်းကျင် အခြေအနေတွေ မတူတော့တာမျိုး ဖြစ်နိုင်တဲ့အတွက်
တန်ဖိုး ၊ စံ သတ်မှတ်မှုတွေကိုလည်း လိုအပ်ရင် ပြောင်းလဲ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ် ။
ဒါမှ ဘယ် တန်ဖိုး ကို ရယူဖို့ အတွက် ဘယ်လောက် အချိန် နဲ့ အင်အားကို စိုက်ထုတ်မယ်ဆိုတာကို
ထိထိရောက်ရောက် စီမံ ခန့်ခွဲနိုင်မှာ ဖြစ်ပါတယ် ။

၂။ ဒီနှစ်အတွင်းမှာ လုပ်ခဲ့တာ ၊ လုပ်နေတာ တွေကို သေချာ စုစည်းပါ ။
ဒါတွေ အပေါ်မှာ ဆင်ခြင် သုံးသပ်ပြီးတော့မှ အခု လာမယ့် နှစ်သစ် (၂၀၁၆) မှာ
ဘာတွေ လုပ်မယ် ဆိုတာတွေကို ထိထိရောက်ရောက် ဆုံးဖြတ်ချက်ချပါ ။

၃။ အတတ်ပညာ တစ်ခုခုကို သေသေချာချာ လေ့လာ လေ့ကျင့်ပါ … ကျွမ်းကျင်အောင် လုပ်ပါ ။

၄။ လူသား တစ်ယောက် အနေနဲ့ ကျွန်တော်တို့ရဲ့ အခြေခံ လိုအပ်ချက်တွေက ဘာတွေလဲ ?
ဒါတွေကိုရော ကျွန်တော်တို့ ပြည့်စုံအောင် စွမ်းဆောင်နိုင်ပြီးပြီလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ပါ ။

၅။ မိမိ မှာ ရှိတဲ့ အချိန် ၊ ငွေ ၊ အင်အား နဲ့ တတ်ကျွမ်းမှုတွေကို အကောင်းဆုံး စီမံခန့်ခွဲနိုင်အောင် ပြင်ဆင်ပါ ။
အဖွဲ့အစည်း တစ်ခုခုကို ခေါင်းဆောင်နေသူများကတော့
ကိုယ့်ကိုယ်ကိုသာ မက ကိုယ်နဲ့ အလုပ်တွဲလုပ်နေသူတွေကိုပါ အကောင်းဆုံး စီမံ ခန့်ခွဲနိုင်အောင် ပြင်ဆင်ရမှာပါ ။

၆။ ” မိမိမှာ ရှိတဲ့ အလေ့အကျင့်ဆိုးတွေကို
အောင်မြင် ပျော်ရွှင်သူများရဲ့ အလေ့အကျင့်ကောင်းများ ဖြစ်လာအောင်
မွေးမြူလေ့ကျင့်ပြီး အစားထိုး ကျင့်သုံးပါ ။ “

၇။ ” မိမိရဲ့ ဘဝအနေအထားကို သေချာ နားထောင်ပေးပြီး မိမိကို
သေချာ အကြံပေး လမ်းညွှန်ပြသပေးနိုင်မယ့် ဆရာကောင်း တစ်ယောက် ရှာဖို့ပါ ။
( ဒါမှ မဟုတ် ) မိမိလိုမျိုး လုပ်ချင်တဲ့ အကြံတူ ၊ ပန်းတိုင်တူသူများ စုဝေးရာ အသင်းအဖွဲ့ တစ်ခုကို
ရှာဖွေ ချိတ်ဆက်ဖို့ ၊ စုစည်း တည်ထောင်ဖို့ပါ ။ “

လေးစားလျက်
ကိုဇင်ဇေ

( https://www.sharingkozinzae.com )
” ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ “

Pin It on Pinterest

Share This