fbpx

၂ ။ အားသာချက် ကိုရှာ

နောက်ရက်မှာလည်း ညီလွင် နဲ့ ကျွန်တော်တို့ စကားဝိုင်းလေး ဆက်ဖြစ်ကြပါသေးတယ် ။

” အကို အဲလို ဝါသနာကို ရှာတာတော့ ဟုတ်ပါပြီ ။ တကယ်လို့ မတွေ့ရင်ရော တခြား နည်းလမ်းတွေရှိသေးလား အကို ကိုယ့် အနာဂတ် အတွက် ဘာလုပ် သင့်တယ် ဆိုတာ ကို သိဖို့ပေါ့ ။ “

ညီလွင် က ဝေခွဲမရစိတ် ၊ သိချင်စိတ်တွေ ရောပြွန်းနေတဲ့ ပုံစံ နဲ့ ထပ်မေးပါတယ် ။ ကျွန်တော်လည်း သူ့ မေးခွန်းကို အတတ်နိုင်ဆုံး ဖြေကြည့်မိတယ် ။

” အင်း ရှိတယ် လို့ပဲ ပြောရမှာပေါ့ညီ ။ ဖြစ်နိုင်ရင်တော့ ကိုယ် တကယ် ဝါသနာ ပါတာ / ကိုယ် စိတ်ဝင်စားတာကို လုပ်နိုင်ရင် အကောင်းဆုံးပေါ့ ။ ဒါပေမယ့် တစ်ခါတလေ ဘယ်လို ရှာရှာ အဲလို ဟာမျိုး မတွေ့တာလည်း ရှိတတ်တယ် ။ အဲလို မှ မဖြစ်နိုင်ရင် / အဲ့ဒီဝါသနာကို မရှာနိုင်ရင်တော့ အကို အကြံပေးချင်တာက ကိုယ် အားသာတဲ့ ၊ ထူးချွန်တဲ့ အလေ့အကျင့် တစ်ခုခုကို ရှာဖို့ပဲ ။

တစ်ခါတလေကျရင် ဖြစ်တတ်တယ် ညီရ ။ ကိုယ်က တစ်ခုခုမှာ နည်းနည်းလောက်ပဲ အားစိုက်တာတောင် အဲ့ဒီနေရာမှာ သာမန် သူများတွေထက် သာနေတာမျိုး ပေါ့ ။ ကိုယ့်ကိုကိုယ် တောင် အဲလို သာနေတယ်လို့ သတိမထားမိတာမျိုးရှိတတ်တယ် ။

ညီလွင်က အံ့ဩတဲ့ လေသံနဲ့ ပြန်မေးပါတယ် ။

” ဟုတ်လား အကို ? အဲလို တကယ်ပဲ ဖြစ်တတ်လား ? ကျွန်တော်တော့ အဲလို မတွေးကြည့်ဖူးဘူး ။ “

” ဖြစ်တတ်တယ် ညီ ။ အကိုတို့ ကိုယ်တိုင်လည်း ကြုံခဲ့ရဖူးလို့ပြောတာ ။ အကိုတို့ဆို အရင်တုန်းက စကားပြော အတော်လေး ညံ့တဲ့လူထဲမှာ ပါတယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားခဲ့တာ ။

သူငယ်ချင်းတွေကိုဆိုလည်း အမြဲ နောက်လေ့ရှိတယ် ။ ” ငါက ပိသာလေးနဲ့ ဘေးပစ် တာ မဟုတ်ဘူး ။ ဒဲ့ ထု တာ ” လို့ 😀 ။

ဒါပေမယ့် အကြောင်း တိုက်ဆိုင်လို့ စကားများများပြောရတဲ့ လုပ်ငန်း အမျိုးအစားတစ်ခု စလုပ်ခဲ့လိုက်ရတယ် ။ အဲဒီ အချိန်မှာ ကိုယ် က သူများတွေလောက် လုပ်သက် မရင့် ၊ မပြင်ဆင်ထားပေမယ့် သူများတွေထက် ပိုပြီး အဆင်ပြေပြေလေး လုပ်နိုင်နေတာကို သွားတွေ့ရတယ် ။ ကိုယ်က မထင်ထားပါပဲ ကိုယ့်ကို အတော်များများက ” ကို မျိုးဇင် က စကားပြော ကောင်းတာပဲ ” ဆိုတာမျိုး ချီးကျူးခံခဲ့ရဖူးတယ် ။ ကိုယ်လည်း သူတို့ ဒီလို ချီးကျူးလာတော့ အစမှာ အူကြောင်ကြောင် ဖြစ်သွားသေးတယ် ။ ငါ တကယ်ပဲ စကားပြော ကောင်းလို့လားပေါ့ ။

နောက်တော့ မှ ကိုယ့်ကိုကိုယ် သတိထားမိလာတာ တစ်ခုက အကိုက ကိုယ် စိတ်မပါတဲ့ အကြောင်းအရာဆိုရင် စကားရော ဖောရော ဝင်ပြောတာမျိုးတောင် ဝင်မလုပ်တတ်လောက်အောင် ပေါင်းသင်း ဆက်ဆံရေး ညံ့ခဲ့ပေမယ့် ကိုယ် စိတ်ပါပြီဆို ရေဆုံး မြေဆုံး တက်တက်ကြွကြွ ပြောတတ်တာကို ကိုယ့်ကိုကိုယ် သတိထားမိတယ် ။ ငယ်ငယ်က သူငယ်ချင်းတွေကတော့ အကို့ကို စကားပြောကောင်းတယ် လို့ မချီးကျူးဖူးဘူးလေ ။ ဒါပေမယ့် ” မင်း တော်တော် အငြင်း သန် တဲ့ ကောင် ” လို့တော့ ပြောကြဖူးတယ် ။ ဒါလည်း စကားပြော ကောင်းခြင်း တစ်မျိုးပဲ လေ ။ ဟား ဟား … “

ကျွန်တော် ပြောလည်းပြော ၊ ငယ်ငယ်တုန်းက ကျွန်တော် အငြင်းအတော်သန်ခဲ့ပုံတွေကိုလည်း ပြန်တွေးမိရင်း ရယ်မိပါတယ် ။

နောက်တော့ ဒီလို စကားဆက်မိတယ် ။

” တစ်ချို့တွေလည်း အဲလိုပဲ ကိုယ့် ပါရမီ / မွေးရာပါ / ဒါမှမဟုတ် ကိုယ်တိုင် သတိမထားမိဘဲ လေ့ကျင့်သလို့ ဖြစ်ခဲ့ရာက ရလာတဲ့ အားသာချက်ကို သူများတွေ ထုတ်ပြောမှ ကိုယ်တိုင် သတိထားမိပြီး ဒီအရည်အချင်းကို ထပ်ပြီး သေချာလေ့ကျင့် ၊ အချိန်တန်လာတော့ ဒီ အရည်အချင်းနဲ့ အဆင်ပြေ အောင်မြင်တဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်သွားနိုင်တာမျိုးတွေရှိခဲ့တယ် ညီရ ။ ဒီတော့ ညီ့ ကို အကြံပေးချင်တာကို ညီ ကိုယ့်မှာ အဲလို အရည်အချင်းမျိုး ရှိမရှိ သိချင်ရင် ညီ့ အနီးပတ်ဝန်းကျင်က လူတွေကို အေးအေးဆေးဆေး သေချာလေး မေးကြည့် ။ ” ကျွန်တော့်မှာ ဘာထူးထူးခြားခြား အားသာချက်များ မြင်မိသလဲ ” လို့ပေါ့ ။ ဖြစ်နိုင်ရင်တော့ အားသာချက်ကိုမေးရင်း အားနည်းချက်ကိုပါ တစ်ခါတည်း မေးကြည့်သင့်တယ် ။ ဒါမှ ကိုယ့် အတွက် ဆောင်ရန် ရှောင်ရန်တွေ ပိုပြီး သိလာမှာပေါ့ ။

အရေးကြီးတာက ညီရေ … ဝါသနာကို ရှာတာတော့ ရှာပါ ။ အဲ့ဒီ ဝါသနာကို မတွေ့လို့ ဆိုပြီးဘာမှ စိတ်ပါလက်ပါ မလုပ်ဘဲ ပေါ့ပျက်ပျက်နဲ့ ဘဝကို ဖြတ်သန်းသွားတာမျိုးတော့ မလုပ်မိစေနဲ့ ။

ဘဝ ဆိုတာ တိုတိုလေးရယ် ။

အဲ့ဒီ ဘဝ တိုတိုလေးကို အရသာ ရှိအောင် ၊ ကိုယ့် အတွက် ၊ ကိုယ့် မိသားစု ၊ ကိုယ့် မျိုးဆက်တွေအတွက် တစ်ခုခုကျန်အောင် လုပ်သွားခဲ့ချင်သူ တစ်ယောက် အတွက် အချိန်က သိပ်အများကြီး မရှိဘူးရယ် ။ မဟုတ်ရင်တော့ တိရစ္ဆာန် တစ်ကောင်လိုပဲ သက်ရှိလောကထဲကို တိတ်တိတ်ဆိတ်ဆိတ် ဝင်လာပြီး တိတ်တိတ်ဆိတ်ဆိတ် ပြန်ထွက်သွားရမှာပဲ ။ ကမ္ဘာကြီးမှာသာ ဒီလို ဆန်ကုန် မြေလေး တစ်ယောက်ကြောင့် နေရာပုပ် ၊ ရိက္ခာ ကုန်ရတာပဲ ။ ညီ အဲလို လူ တစ်ယောက်တော့ မဖြစ်ချင်လောက်ဘူး မလား ? “

” ဟာ အကိုကလည်း ဗျာ ပြောလိုက်မှဖြင့် နင့်ကနဲ ပဲ ။ ကျွန်တော့် ဘာသာ ကျွန်တော် နေတာတောင် ကမ္ဘာကြီးကို ထိခိုက်ဦးမှာလားဗျာ “

” အင်း ပေါ့ ဟ ညီရ ။ မင်းဘာသာမင်း တစ်ယောက်တည်း နေတယ်ဆိုတာ စကား အရ သာ ဖြစ်နိုင်တာပဲ ။ လက်တွေ့မှာ ဖြစ်မှ မဖြစ်နိုင်တာ ။ မင်းကို ဒီ အရွယ် ထိရောက်အောင် ကျွေးမွေးပြုစုလာရတဲ့ မင်းမိဘတွေ ၊ ပညာ သင်ပေးခဲ့တဲ့ ဆရာသမားတွေ ၊ ပျော်ရွှင်စေခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းတွေ အများကြီး ရှိခဲ့တယ်လေကွာ ။ ဒီလူတွေကို မင်း အနေနဲ့ တိုက်ရိုက်သော် လည်းကောင်း ၊ သွယ်ဝိုက်ပြီးသော် လည်းကောင်း တစ်ခုခု ပြန်ပေးနိုင်တော့မှ မင်း တာဝန်ကျေတော့မပေါ့ ။ “

” အကိုပြောတာလည်း ဟုတ်ပါတယ်ဗျာ ။ ကျွန်တော် အကို ပြောသလို ကိုယ့်ကိုကိုယ် ရှာတွေ့အောင် ကြိုးစားပါ့ မယ် ။ ကိုယ့် ဝါသနာပါတာ ၊ လုပ်ချင် ဖြစ်ချင်တာက ဘာဆိုတာကိုပေါ့ ။ ဒါမှ မဟုတ်ရင် အကိုပြောသလို ဒုတိယနည်း အနေနဲ့ ကိုယ် ဘယ်နေရာမှာ ထူးချွန် ၊ အားသာသလဲ ဆိုတာကိုပေါ့ ။ ဒါပေမယ့် အကို အခု ကျွန်တော် ထပ်သိချင်လာတာက ကျွန်တော် ဝါသနာ မပါတာ တစ်ခုကို ကျွန်တော့် အနေနဲ့ အားသာလို့ဆိုပြီး လုပ်နေရင်ရော ကျွန်တော် ပျော်နိုင်ပါ့မလား အကို ။ “

သူ မေးတဲ့ မေးခွန်းကို ကျွန်တော့်မှာ အတော်လေး သတိထားစဉ်းစားပြီး ဖြေရပါတယ် ။

” မင်း မေးခွန်းတွေကလည်း ကြီးလိုက်တာ ညီရာ ။ အင်းပေါ့ကွာ ။ စမိပြီဆိုတော့လည်း ဆုံးတဲ့ အထိ ရောက်သလောက်တော့ လိုက်ပို့ရတာပေါ့ ။ အကို့ အမြင်တော့ ပျော်ရွှင်မှုဆိုတာ အပြင်မှာ မရှိဘူးညီရ ။ အကိုတို့ရဲ့ အတွင်းမှာပဲ ရှိနေတာ ။ ပျော်အောင် နေတတ်တဲ့လူက ပျော်ကို ပျော်တာပဲ ။ မနေတတ်တဲ့လူကတော့ ဘယ်လို ပျော်ရမှန်းကို မသိတာလည်း ဖြစ်နိုင်တာပဲ ။ ဒီမှာတော့ ဒီ အကြောင်းအရာကို အကို အကျယ်ချဲ့ပြီး မပြောချင်တော့ဘူး ။ နောင်များမှပေါ့ ။

နောက် တစ်ချက် အရေးကြီးတာက ညီ့ အနေနဲ့ ကိုယ်ဝါသနာပါတာကို မတွေ့လို့ ကိုယ် အားသာတာ ကိုပဲ လုပ်နေရင်းနဲ့လည်း အဲဒီ အလုပ်က ရလာတဲ့ ရလာဒ်တွေကို ကြည့်ပြီး ပျော်လာနိုင်တယ်လို့ အကိုထင်တယ် ။ ညီ စဉ်းစားကြည့်လေ ။ တကယ်တမ်းတော့ လောကကြီးမှာ အလုပ်တိုင်း အလုပ်တိုင်း ၊ ပညာတိုင်း ပညာတိုင်းဟာသူ့နေရာနဲ့ သူ အရေးကြီးနေ တာပဲ ။ လောကကြီးကို တစ်ထောင့် တစ်နေရာကနေ အကျိုးပြုနေတာပဲ ။ ဒီတော့ ညီ ဘာကိုပဲ လုပ်လုပ် ၊ သေချာ စဉ်းစားပြီး စေတနာထားပြီး လုပ်မယ်ဆိုရင် ညီ လုပ်တာတွေကြောင့် လောကကြီးကို ကောင်းကျိုးသက်ရောက်မှုတွေ ရှိလာမှာပဲ ။အဲဒီ အခါမှာ ညီ့ အနေနဲ့ စိတ်ချမ်းသာမှု တစ်ခုကို ခံစားရမှာပဲ ။ သာမန် ပျော်တယ် ဆိုတာမျိုး ထက်တောင် ပိုတဲ့ ကျေနပ်တယ် ဆိုတာမျိုးပေါ့ ။

အလှု တစ်ခု လုပ်သလိုပေါ့ညီရာ ။ တစ်ခါတရံမှာ ပေးသူနဲ့ ယူသူ မှာ ပေးသူက ပိုပြီး ကျေနပ်ပျော်ရွှင်ရတာတွေလည်း ရှိတတ်တာကိုး ။ ဒါကြောင့် အနောက် နိုင်ငံက သူဋ္ဌေးကြီး တစ်ချို့ တောင် သူတို့မှာ ရှိတာတွေကို လှုနေ တာပေါ့ ။ သူတို့ဟာ အကိုတို့လို ဗုဒ္ဓဘာသာ ကိုးကွယ်တာမဟုတ်လို့ သံသရာ ဆိုတာကို မယုံကြည်တာမျိုး ရှိနိုင်ပေမယ့် ဒီလို ပေးဆပ်လိုက်ရတဲ့ ပေးဆပ်ခြင်းမှာ ” သူတို့ကိုယ် သူတို့ ကျေနပ်ပျော်ရွှင်မှု ” ဆိုတာကို ခံစားရတယ် ။ဒါကြောင့် သူတို့ ဒီလို အလှုကြီးတွေ လုပ်နေ / လုပ်ခဲ့တာပဲပေါ့ ။

၂၀၁၃ ခု နှစ် မေလ အထိ နည်းပညာ လုပ်ငန်းရှင်ကြီး ဘီလ်ဂိတ် ဟာ သူရဲ့ Foundation ကနေတဆင့် ကမ္ဘာ ကြီးကို စုစုပေါင်း ဒေါ်လာ ၂၈ ဘီလီယံ လှုဒါန်း ခဲ့တယ် ညီ ။ စဉ်းစားကြည့်လေ ။ ဒေါ်လာ ဘီလီယံ ချီပြီး လှုဖို့ ဆိုတာ တော်ရုံကိစ္စ မှ မဟုတ်တာ ။ ဟို တလောက အီဘိုလာ ရောဂါကြီး ဒုက္ခပေးတုန်းကလည်း ဘီလ်ဂိတ် က ဒေါ်လာ သန်း ၅၀ ထပ်လှုခဲ့သေးတယ်လေ ။ သူ လှုရတဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိမှာ ဖြစ်ပေမယ့် အကို့ အနေနဲ့ ” ကိုယ့်ကိုယ်ကို ကျေနပ်မှု ” ကို အမြင့်ဆုံး ခံစားရလို့ သူဒါတွေ လုပ်နေတာပဲလို့ မြင်မိတယ် ။

ညီတို့ အကိုတို့လည်း သူ့လောက် အလှုကြီးတွေ မပေးနိုင်ရင်တောင် ကိုယ် လုပ်နေတဲ့ အလုပ်မှာ တကယ်ပဲ စိတ်ပါလက်ပါ ထိထိရောက်ရောက် ဖြစ်အောင် လုပ်နေမယ် ၊ လုပ်နိုင်မယ်ဆိုရင် ဒါဟာ လောကကြီးကို တစ်ဖက်တစ်လမ်းက ကောင်းကျိုးပြုနေတာပဲလေ ကွာ ။ ဒီလို အမြင်နဲ့ ကြည့်လိုက်ရင် ညီ့ အနေနဲ့ ကိုယ် လုပ်နေတဲ့ အလုပ်ပေါ်မှာ ပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာမှာပါ ။ “

ပြီးတော့ ဒီနည်းစနစ်ကို ကျင့်သုံးတဲ့အခါမှာ အားသာချက် တစ်ခုက ကိုယ် ကျွမ်းကျင်မှု အတိုင်းအတာတစ်ခု အထိရှိပြီသား ၊ ကိုယ် အားသာမှု ရှိပြီးသား အရာတစ်ခုကို လုပ်ရတာ ဖြစ်တဲ့အတွက် တခြား ကိုယ် မကျွမ်းကျင်တာ ၊ မပိုင်နိုင်တာကို လုပ်ရတာလောက် စိတ်ဓာတ် ခွန်အား ၊ လူ ခွန်အား မစိုက်ထုတ်ရဘူး ။ ရှင်းရှင်းပြောရရင် သိပ်မပင်ပန်းဘဲ ပေါ့ပေါ့ပါးပါးလေး လုပ်သွားလို့ရတယ်ပေါ့ကွာ ။ ဒီတော့ ကိုယ့် ဝါသနာကိုမှ ရှာလို့ မတွေ့သေးရင် အဲလို အလုပ်မျိုးကို ရှာတာ အကောင်းဆုံးပဲ ။ ကိုယ့်မှာရှိနေတဲ့ အားသာချက် တစ်ခုခုကို တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်ပြီးသော် လည်းကောင်း အသုံးချနိုင်မယ့် အလုပ် တစ်ခုခုပေါ့ ။ ဒီလို လုပ်နေရင်းနဲ့ပဲ ညီ တစ်နေ့ကျတော့ ဒီ အလုပ်ကိုပဲ တကယ် ဝါသနာပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ဒါမှမဟုတ် ကိုယ် တကယ် ဝါသနာ ပါတဲ့ တခြား အလုပ် တစ်ခုကို ရှာတွေ့သွားတဲ့အခါ မျိုးလည်း ရှိနိုင်တာပဲ ။ အဲ့ဒီကျလို့ ကိုယ် က ရုတ်တရက် အလုပ်ပြောင်းရရင်တောင် ကိုယ့်မှာ နောက်ကျောအေးစရာ ထမင်းစား လက်မှတ် တစ်စောင် တော့ ရှိနေပြီ ဆိုတော့ ပိုပြီး စွန့်စားရဲ ၊ စွန့်စားနိုင်တာပေါ့ ညီရာ ။ အကို ပြောတာ သဘောပေါက်တယ် မလား ?

ညီလွင်က သေချာနားထောင်နေရင်း စကားဆုံးတော့ ခေါင်းငြိမ့် ပါတယ် ။

” ဟုတ် အကို ၊ အကို ဆိုလိုတာက ကျွန်တော် ကောင်းကောင်းနားလည် လိုက်တယ်လို့ ယုံကြည်ပါတယ် ။ ကျေးဇူးလည်း တင်မိတယ် အကို ။ ကျွန်တော် ဒါကိုလည်း အိမ်ပြန်ပြီး သေချာ စဉ်းစားလိုက်ပါဦးမယ် ။ “

” အေးပါ ။ အေးဆေး သာ စဉ်းစားပါ ညီ ။ ညီတို့ အရွယ်မှာ စဉ်းစားစရာ အချိန်တွေ အများကြီးရနေသေးတာ အားသာချက်တစ်ခုပဲ ။ အသက်ကြီးလာရင် တစ်ချို့ လူတွေမှာ စဉ်းစားချိန် မရတော့ဘူး ။ ဒါမှမဟုတ် စဉ်းစားချိန် မပေးနိုင်တော့ဘူး ။ လက်ရှိ လုပ်လက်စ အလုပ်ထဲမှာပဲ နွံနစ်သလို … လုပ်ရင်း လုပ်ရင်း အလုပ်ထဲမှာပဲ ပျော်ပျော်မပျော်ပျော် နစ်နေတော့တာပဲ ။ ဒီ အချိန်မှာ ညီတို့ စဉ်းစားတာကို ပိုပြီး သေချာ အချိန်ပေးသင့်ပါတယ် ။နောက် ရက် ပြန်လာခဲ့ဦးလေ ညီ ။ ပြောစရာတွေတော့ ကျန်သေးတယ် ။ ညီလည်း သေချာ စဉ်းစားပြီးရင် မေးစရာတွေ ပေါ်လာဦးမှာပေါ့ ။နောက်ရက် ထပ်တွေ့ကြမယ် ဟုတ်ပြီလား ?”

ကျွန်တော် ပြုံးရင်း ညီလွင့်ကို နှုတ်ဆက်မိပါတယ် ။ စိတ်ထဲမှာလည်း တွေးနေမိတယ် ။ ညီလွင် တစ်ယောက် ကိုယ့်ကိုကိုယ် ရှာတွေ့ပါစေ လို့ ။

Pin It on Pinterest

Share This