fbpx

♦ English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း သုံးနိုင်တဲ့ နည်းစနစ် ♦
ကျွန်တော် ညွှန်ပေးထားတဲ့ Cambridge – Interchange ( Intro/1/2/3 ) သင်ရိုးကို

ကိုယ့်ဘာသာကိုယ် ဝယ်ပြီး လေ့လာနေကြတာကို ပြန်ကြားရလို့ ဝမ်းသာပါတယ် ။

တကယ် လေ့လာတဲ့အခါမှာ လိုအပ်ချက်တွေ ၊ မသေချာတာတွေ ရှိလို့ လာမေးကြတဲ့ထဲက

အရေးကြီးမယ်လို့ ထင်တဲ့ အချက် ၁ ချက်ကို အဓိကထားပြီး ဖြေပေးလိုက်ပါတယ်ဗျာ ။

Interchange တင်မကပဲ နိုင်ငံတကာ သင်ရိုး တစ်ခုခု သုံးပြီး

English ဘာသာစကားကို ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ လူတိုင်း

ဒီ လေ့လာနည်း စနစ်ကို သုံးနိုင်ပါတယ် ။

?

( ကျွန်တော့် လမ်းညွှန်ချက် အတိုင်း ကြိုးစားနေတဲ့

တခြား အဝေးရောက် လေ့လာနေသူတွေ ရှိရင်လည်း

ကျွန်တော့် ကို Message ပို့ထားပေးနိုင်ပါတယ် ။

လိုအပ်တဲ့ အကြံဉာဏ် ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့

နောင် အဝေးသင် အစီအစဉ် သေချာ စ ဖြစ်တဲ့အခါ

အကြောင်းကြားပေးနိုင်အောင်လို့ပါ ။ )

?

အမေး ။ ( သတ်ပုံ တွေက မူရင်း မေးသူ ရေးပို့လိုက်တဲ့ အတိုင်းပါပဲ )

ဆရာ ဆရာရဲ့www.activeenglishmyanmar.com မှာ ရေးထားတဲ့ ကိုယ့်ကိုတိုင်လေ့လာနည်းအ၇

ကျနော် interchange series ကိုစတင်လေ့လာနိုင်ရန် data တွေစုဆောင်းပီးပါပြီ

ဘယ်လိုဘယ်ပုံလေ့လာရမလဲဆိုတာလေ ကျနော့်ကို ပြောပြပေးပါဆရာ

ကျနေ်ာ့level က level 1 စလေ့လာရမှာပါဆရာ

ကျနော်ဆိုလိုချင်တာက အသံဖိုင်ကိုနားထောင်ရင် စာကိုလိုက်ကြည့်ရမှာလား

အဲလိုမျိုးပြောတာပါဆရာ အသံကိုပဲ သည်းသန့်နားထောင်ရမလား

ဘယ်လိုမျိုးလေ့ကျင့်ရမလဲ မသိလို့ပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ

ကျွန်တော့် အဖြေ ။

တကယ်တမ်းတော့ သင်ရိုး ၁ ခုတည်းကိုပဲ ဆရာ အမျိုးမျိုးက

ကိုယ့်သင်တန်းသားတွေရဲ့ အသက် အရွယ် ၊ စိတ်နေစိတ်ထား နဲ့ Level အပေါ် မူတည်ပြီး

ချဉ်းကပ်ပုံ အမျိုးမျိုး နဲ့ သင်လေ့ရှိပါတယ် ။

ညီကတော့ ကိုယ့်ဘာသာကိုယ် လေ့လာနေရတာ ဖြစ်တဲ့အတွက်

ဒီ နည်းလမ်းတွေအတိုင်း အဆင့်ဆင့် လုပ်သွားတာ ပို အကျိုးရှိပါလိမ့်မယ် ။

Interchange စာအုပ်ထဲမှာ ပါတဲ့ Conversation တွေကို လေ့လာတဲ့အခါ ….

♦ Listening တိုးတက်ဖို့ အတွက် …

၁။ စာ ကို လုံးဝမကြည့်ပဲ အသံ သီးသန့် အရင် နားထောင်ပါ ။

၂။ အဓိက ကျတယ်လို့ ထင်ရတဲ့ အချက်တွေ လိုက်မှတ်ပါ ။

( ပြောသူတွေရဲ့ နာမည် ၊ ဇာတိ ၊ ဘာပြောကြသလဲ စတာတွေပေါ့ )

၃။ မရှင်း ရင် ( လိုအပ်ရင် ) နောက် တစ်ခေါက် စာကို လုံးဝမကြည့်ပဲ အသံ သီးသန့် ပြန် နားထောင်ပါ ။

၄။ ပြီးမှ စာသားကို ကြည့်ပြီး ဖတ်ပါ ။ ( အေးအေးဆေးဆေး အချိန်ယူဖတ်ပါ ။ အသံ မဖွင့်ထားပါနဲ့ ဦး ။ )

၅။ ပြီးရင် စာသားကို ကြည့်ပြီး တစ်ပြိုင်တည်း အသံကို လိုက်နားထောင်ပါ ။

( အသံ ဖိုင် နားထောင်ရင်း စာသား လိုက်ဖတ်ပါ ။ )

( အဲ့အချိန်မှာ Contraction / Linking / Stress / Reduction တွေကို သတိထားရတော့မှာပါ ။ စာမှာ လွယ်ပြီး အသံမှာ ခက်နေတာတွေကို အထူး သတိထားမှတ်သားရမှာပါ ။ )

၆။ ပြီးရင် စာအုပ်ပြန်ပိတ် ပြီး ပြန်နားထောင်ပါ ။

ဒီ တစ်ခါ နားထောင်တဲ့အခါ ၁ ကြောင်းပြီး တိုင်း Pause လုပ်ပြီး

ကိုယ်ကပါ လိုက်ပြောကြည့်ပါ ။

( ပီပီပြင်ပြင် မရတဲ့ နေရာဆိုရင် သေချာမှတ်သားဖို့ စာသားကို ပြန်ဖတ်ကြည့်ပါ ။ )

♦ Speaking တိုးတက်ဖို့ အတွက် …

၇။ စကားပြောခန်းဆိုတော့ အနည်းဆုံး ဇာတ်ကောင် ၂ ယောက် ပါပါလိမ့်မယ် ။

တစ်ယောက်ချင်း စီရဲ့ နေရာကို အသံဖိုင်ဖွင့်ပြီး ကိုယ်က လိုက်ပြောပါ ။

( Pause မလုပ်ပဲ တောက်လျှောက်လိုက်ပြောမှာ ဖြစ်တဲ့အတွက်

၂ ယောက်လုံးနေရာကနေ မပြောပဲ ၁ ယောက် တည်း နေရာကိုသာ လိုက်ပြောပါ ။ )

၈။ ကိုယ် မသိတဲ့ ဝေါဟာရ ၊ Grammar Rules , Sentence Patterns စတာတွေ ပါလာရင် မှတ်စုထုတ်ပါ ။

( ကိုယ့်ဘာသာကိုယ် လေ့လာတဲ့အခါ ဆရာက ဘေးကနေ မရှင်းပြနိုင်တဲ့အတွက် Vocabulary စာအုပ် ကောင်းကောင်း ၊ Grammar စာအုပ် ကောင်းကောင်းတွေ ကို မဖြစ်မနေ ကိုးကားရပါလိမ့်မယ် ။ )

၉။ ဒီ စကားပြောခန်းကနေ ရလိုက်တဲ့ ဝေါဟာရတွေ ၊

Grammar Rules , Sentence Patterns တွေကို

ကိုယ့်လက်ရှိ အနေအထားပေါ်မှာ အစားထိုး တီထွင်ပြီး ပြောကြည့်ပါ ။

( ဘေးကနေ အမှား စစ်ပေးမယ့် ဆရာ မရှိတဲ့အတွက်

တတ်နိုင်သလောက် အရမ်း မကွန့်ပဲ

ရှိရင်းစွဲ စကားပြောခန်းနဲ့ အနီးစပ်ဆုံး အစားထိုးပြောပါ ။)

၁၀။ ကိုယ် လေ့လာလိုက်တဲ့ စကားပြောခန်းကို မှီငြမ်းပြီး

ကိုယ်ပိုင် စကားပြောခန်း တစ်ခု ဖန်တီးပါ ။ ပြောဆို လေ့ကျင့်ပါ ။

ဒီ အချက် ၁၀ ချက်ကို လိုက်နာပြီး လေ့ကျင့်မယ်ဆိုရင်တော့ အချိန်တိုအတွင်း ထိထိရောက်ရောက် တိုးတက်လာပါလိမ့်မယ် ။

သတိထားရမှာက

  • လွယ်လွန်းလို့လည်း မပေါ့ပါနဲ့ ။
  • ခက်လွန်းလို့လည်း မကြောက်ပါနဲ့ ။
  • လေ့လာစရာ ရှိတာကို ပုံမှန် သာ လေ့လာသွားပါဗျာ ။

English ဘာသာစကား စွမ်းရည် တစ်နေ့တခြား တိုးတက်လာပြီး

အသိပညာ နဲ့ အခွင့်အလမ်းကောင်းများကို ရယူ ပိုင်ဆိုင်နိုင်ပါစေဗျာ ။

လေးစားလျက်

ကိုဇင်ဇေ

image65

Pin It on Pinterest

Share This