fbpx

English စကားလုံး ၊ အသုံးအနှုန်း အသစ်တွေကို စွဲစွဲမြဲမြဲ မှတ်မိ အသုံးချနိုင်အောင် ဘယ်လို လေ့လာရမလဲ ?
ဒီနေ့ သင်လိုက် ၊ နောက်နေ့ ပြန်မေ့သွားလို့ ပြန်သင်ရလိုက် ၊

နောက်တော့ ရသွားပေးမယ့် နည်းနည်းကြာတော့ ပြန်မေ့သွားလိုက် ဖြစ်နေတဲ့

ကျွန်တော့် ချစ်တပည့်တွေ အတွက်

ဒီစာလေးကို Collin ရဲ့ Guidelines တွေကနေ မှီငြမ်း ဖြည့်စွက် ပြီး ဘာသာပြန်ပေးလိုက်ပါတယ် ။ 🙂

အခြား English ဘာသာစကားလေ့လာသူတွေ အတွက်လည်း

အကျိုးရှိမယ် လို့ ထင်လို့

အွန်လိုင်းမှာပါ တင်ပေးလိုက်ပါတယ်ဗျာ ။

♦ 1. စကားလုံးတွေကို လေ့လာမှတ်သားတဲ့ အခါမှာ အရေးအကြီးဆုံးနဲ့

သတိမထားမိဆုံး ဖြစ်နေတတ်တဲ့ အချက်ကနေ စ ပါရစေ ။

( ဦး ပေါ်ဦး လေသံနဲ့ ပြောရရင် … )

သူ့ချည်းပဲလား ?

ဥပမာ ဝါကျ လေးနဲ့ပါ ဘုရား ? 😀

စကားလုံးတွေကို သူ့ချည်းသက်သက် မမှတ်ဘဲ

ဥပမာ စာစု ၊ စကားစု ၊ ဝါကျ တွေနဲ့ တွဲပြီးမှတ်သားပါ ။

ဒါမှ ကိုယ် တကယ် အသုံးချတဲ့ အခါ မှန်ကန်တဲ့ အတွဲအစပ်တွေ ထွက်လာမှာပါ ။

မဟုတ်ရင် Native Speakers တွေ နားမလည်တဲ့ ၊ ကြောင်တောင်တောင် ဖြစ်သွားတတ်တဲ့

မြန်မာဟန် English စကားတွေ ထွက်လာပါလိမ့်မယ် ။

ပြီးတော့ အတွဲအစပ်တွေ မှားနိုင်ပါတယ် ။

He is a beautiful man. ( Not beautiful , Handsome )

She is a high girl. ( Not high , Tall )

I go to job . ( Not job , Work )

ဆိုတာမျိုးတွေပေါ့ ။ 🙂

♦ 2.

ကိုယ်နဲ့ ယှဉ်ပြီး သုံးကြည့်ပါ ။

စကားလုံး အသစ် တစ်လုံး (ဒါမှမဟုတ်) အသုံးအနှုန်း အသစ်တစ်ခုကို လေ့လာတဲ့အခါမှာ

ဒီစကားလုံးတွေကို အသုံးချပြီး သင့် အကြောင်း

( ဒါမှမဟုတ် ) သင်သိတဲ့ လူတွေ ၊ နေရာတွေအကြောင်းကို

ဥပမာ အချို့သုံးပြီး ချရေးကြည့်ပါ ။ ( အပြောလေ့ကျင့်တာဆိုရင် ထုတ်ပြောကြည့်ပါ )

ဥပမာ ” gorgeous ” ဆိုတဲ့ စကားလုံးကို လေ့လာမယ်ဆိုပါစို့ ။

သူရဲ့ ဖွင့်ဆိုချက်က – ” extremely beautiful or attractive ” ပါ ။

ဒီတော့ အလွန့်အလွန်ကို လှပသော ၊ ဆွဲဆောင်မှု ရှိသော လို့ အရင်မှတ်လိုက်ပေါ့ ။

( Level အတန်အသင့်ရှိနေပြီးသူတွေကတော့

English လိုပဲ တိုက်ရိုက် မှတ်ပါ ။ )

ပြီးရင် ကိုယ့်ပတ်ဝန်းကျင်က အလွန့်အလွန်ကို လှတဲ့ ၊ ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေး တစ်ယောက်ယောက်

( ဒါမှမဟုတ် ) မော်ဒယ် ၊ မင်းသမီး ၊ အဆိုတော် တစ်ယောက်ယောက်ကို အသုံးချပြီး စာကြောင်းလုပ်လိုက်ပါ ။

ဥပမာ ” Taylor swift is gorgeous. ” ဆိုတာမျိုးပေါ့ ။

ဒါဆို ကို ပြန်စဉ်းစားတာနဲ့ Taylor swift မျက်နှာလေး ပြေးမြင်တော့ ပိုမှတ်မိတာပေါ့ ။ 😉

ကိုယ့် အကြိုက်ပေါ်လိုက်ပြီး ” Angelina Jolie is gorgeous. ” လည်း ပြောချင်ပြောလို့ရတာပါပဲ ။

( မြန်မာ မင်းသမီးတွေ ထည့်ချင်လည်း ထည့်နော် ။ အားမနာနဲ့ ။ ) 😀

♦ 3.

သတိထားပါ ။

English လို သင် ဖတ်နေသမျှ ၊ ကြားနေ နားထောင်နေသမျှ အရာရာတိုင်းမှာ

သင်လေ့လာနေတဲ့ စကားလုံးအသစ်တွေရဲ့ ဥပမာအချို့ ပါနေပါလိမ့်မယ် ။

ဒီ ဥပမာတွေကို သတိထားမိအောင် ကြိုးစားပါ ။

ပြီးရင် သေချာလေ့လာမှတ်သားနိုင်ဖို့အတွက် အဲ့ဒီ ဥပမာတွေထဲက တစ်ချို့ကို ရေးချထားပါ ။

♦ 4.

တွေးရုံပဲ မတွေးဘဲနဲ့ ပါးစပ်ကနေပါ ထုတ်ပြောပါ ။

စကားလုံးတွေကို အသံကျယ်ကျယ်ထွက်ပြီး အပြော လေ့ကျင့်ပါ ။

ဒါဆို ပိုပြီး မှတ်မိနိုင်ပါလိမ့်မယ် ။

လူတွေ သင့်ကို သေချာ နားလည် ဖို့ အတွက် အသံထွက်မှန်ကန်ဖို့ကလည်း အရေးကြီးတယ် ဆိုတာ သတိရပါ ။

အသံထွက်အမှန် သိရဖို့က Phonetics သင်ချင်လည်းသင် ၊

ဒါမှမဟုတ် ရင် အသံထွက် Dictionary ကောင်းကောင်းလေး တစ်ခုလောက် ဆောင်ထားလိုက်ပေါ့ ။

Oxford , Cambridge , Longman , MacMillan စတာတွေ ထဲက ကြိုက်တာသုံးပါ ။

သတိထားရမှာ တစ်ခုက တစ်ချို့ Mobile Dictionary တွေက

ဖုန်းထဲက Text-to-Speech Engine နဲ့ အလုပ်လုပ်တာ ဖြစ်တဲ့အတွက်

လူသံ မပေါက်ဘဲ စက် သံ ပေါက်နေတတ်တယ် ။

ဖြစ်နိုင်ရင် အဲဒါမျိုးကိုမသုံးဘဲ လူသံ နဲ့ ပြောထုတ်ပေးတဲ့ Mobile Dictionary ကို သုံးပါ ။

ActiveEnglish သင်တန်းသားတွေကတော့ ကျွန်တော်တို့ပေးထားတဲ့

Longman Dictionary ကို သုံးလိုက်ပေါ့ ။ 🙂

♦ 5.

နေရာ တကာမှာ လေ့လာပါ ။

သင့်ရဲ့ မှတ်စုစာအုပ်ကို သင်နဲ့ အမြဲ ယူသွားပါ ။

သင့် သူငယ်ချင်းကို စောင့်နေရတာမျိုး ၊ Bus စောင့်နေရတာမျိုး အချိန်ပိုလေးတွေကို အကျိုးရှိအောင် အသုံးချပါ ။

သင့် မှတ်စုတွေကို ပြန်ဖတ် ၊ ပြန်နွှေးပါ ။

Topic တစ်ခုနဲ့ ပတ်သက်လို့သင့်မှတ်ဉာဏ်ထဲမှာ ဘာတွေမှတ်မိနေသလဲ ?

ဒါတွေကို တွေးထုတ်ပြီး ပြန်နွှေးပါ ။

( ဥပမာ ကားဂိတ် ရောက်နေရင် ကားနဲ့ ပတ်သက်လို့ ကိုယ်သိတဲ့ စကားလုံးတွေ ၊

အသုံးအနှုန်းတွေကို ပြန်တွေးထုတ်ကြည့်ပါ ။ )

အဲလို ဟိုနား နည်းနည်း ဒီနား နည်းနည်း ကြုံရင် ကြုံသလို လေ့လာတာကလည်း

သင့်ရဲ့ သင်ယူမှု ဖြစ်စဉ်မှာ အထောက်အကူ ကောင်းကောင်းပြုပေးမှာပါ ။

♦ 6.

ပိုပြီး နက်နက်နဲနဲ ၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာပါ ။

စာအုပ် ၊ သင်ရိုး ထဲမှာ ပါတဲ့ ဥပမာလေးတွေကိုပဲ လေ့လာမနေပါနဲ့ ။

ကိုယ့် ရဲ့ ကိုယ်ပိုင် ဥပမာတွေကို ဖန်တီးကြည့်ပြီးလည်း လေ့လာပါ ။

( ကိုယ် လက်ရှိလေ့လာနေတဲ့ စာအုပ် က မဟုတ်တဲ့ တခြား စာအုပ်တွေ ၊

သီချင်း နဲ့ ရုပ်ရှင်တွေ ကနေလည်း လေ့လာပါ ။ )

♦ 7.

လေ့လာမှု ကို မရပ်လိုက်ပါနဲ့ ။

ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ချင်သူ ၊ ထူးချွန်လိုသူ တစ်ယောက် အတွက်တော့

မပြတ်တမ်း လေ့လာနေဖို့က အတော်လေးကို အရေးကြီးပါတယ် ။

ဆက်ပြီး မလေ့လာမလေ့ကျင့်ဘဲ နေမယ်ဆိုရင် ကြာကြာမှတ်မိမှာ မဟုတ်ဘူးလေ ။

ဒီနေ့ စကားလုံး အသစ်တစ်ခု လေ့လာ လေ့ကျင့်လိုက်တယ်ဆိုရင်

မနက်ဖြန်ရယ် ၊ နောက် တစ်ရက်ရယ် ၊ နောက် တစ်ပတ် နဲ့ နောက်တစ်လ ကြာတဲ့အခါမှာပါ

ဒီ စကားလုံးကို ပြန်ပြီး လေ့လာလေ့ကျင့်ပေးပါ ။

ဒီလိုမျိုး စနစ်တကျ သေသေချာချာလေး လေ့ကျင့်သွားမယ်ဆိုရင်

ကိုယ် လေ့လာပြီးတဲ့ စကားလုံး ၊ အသုံးအနှုန်းတွေကို မေ့သွားတာမျိုး နည်းသွားတာပေါ့ ။

အရင်ကထက် ပိုပြီး မှတ်မိလာမယ် ။ အသုံးချနိုင်လာမယ် ။

ဒီတော့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပိုရှိလာတာပေါ့ ။

English ဘာသာစကား စွမ်းရည်က တွန်းဖွင့်ပေးလိုက်တဲ့

အသိပညာ နဲ့ အခွင့်အလမ်း တံခါးတွေကို

ရဲရဲ ဝံ့ဝံ့ လျှောက်လှမ်းဝင်ရောက်သွားနိုင်ပါစေဗျာ ။ 🙂

လေးစားလျှက်

ကိုဇင်ဇေ

” ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင် အရောက် လှမ်းနိုင်ကြပါစေ ”

🙂

image12

Pin It on Pinterest

Share This